◾ NATO ကို ၎င်းတို့အတွက် အမေရိကန်ကသာ ဒေါ်လာ ဘီလျံရာပေါင်းများစွာ သုံးစွဲနေရသည့် တစ်လမ်းသွား လမ်းကြောင်းတစ်ခုအဖြစ် ယူဆဟု ထရမ့်ပ်က ပြော

၁၈.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် ပြည်ထောင်စုသမ္မတဒေါ်နယ်ဒ် ထရမ့်ပ်က အမေရိကန်ဟာ အီရန်နဲ့စစ်ပွဲမှာ စစ်ရေးအရ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ပြောကြားရင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်တွေ၊ တောင်ကိုရီးယား၊ ဂျပန် ဒါမှမဟုတ် သြစတြေးလျတို့ဆီက ရေတပ်အကူအညီ လိုအပ်တော့မှာ မဟုတ်ဘူးလို့ မတ်လ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အီရန်ဘက်က ထိရောက်စွာပိတ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ထရမ့်ပ်က ရေလက်ကြားလုံခြုံရေးအတွက် ရေတပ်တွေ ပူးပေါင်းဆောင်ရွက်မယ်လို့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ပ် ရဲ့ အဆိုကို မဟာမိတ်တွေက လက်မခံဘဲငြင်းပယ်ခဲ့ကြတာမှာ ထရမ့်ပ် အနေနဲ့ အကြီးအကျယ် မကျေနပ်ဒေါသတွေဖြစ်ခဲ့တာပါ။
နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော ထရမ့်ပ်က NATO အဖွဲ့ဝင်တွေကိုယ်တိုင် ရေလက်ကြားကို ဖွင့်လှစ်ဖို့ အကူအညီပေးဖို့ကို တွန့်ဆုတ်နေတာကို မကျေနပ်ဘူးဆိုတာ ပြောကြားခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားက ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံခန့်ကို သယ်ဆောင်တဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားတဲ့နေရာမို့ အရေးပါတဲ့ရေလမ်းကြောင်းလို့ ဆိုရမှာပါ။
ဒီနောက်မှာတော့ ထရမ့်ပ် က Truth Social လူမှုကွန်ရက်မှာ “ကျွန်ုပ်တို့တွင် စစ်ရေးအရ အောင်မြင်မှုများစွာ ရရှိထားသောကြောင့် NATO နိုင်ငံတွေဆီက အကူအညီကိုလည်း မလိုအပ်တော့ဘူး။ ဒါမှမဟုတ် လိုလားချင်မှာလည်း မဟုတ်တော့ဘူး။ အလားတူပဲ ဂျပန်၊ သြစတြေးလျ နဲ့ တောင်ကိုရီးယား တို့ဆီကလည်း လိုမှာမဟုတ်ဘူး” လို့ မတ်လ ၁၇ ရက်မှာ ရေးသားခဲ့တာပါပဲ။
“တကယ်တော့၊ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဘယ်သူ့ရဲ့အကူအညီမှ မလိုအပ်ပါဘူး” လို့ သူက ဆိုခဲ့ပါသေးတယ်။
ဒါ့ပြင် ထရမ့်ပ် က”ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်ကို ကျွန်တော့အနေနဲ့ သိပ်ပြီးတော့ အံ့သြမိတာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေကို ကာကွယ်ဖို့ တစ်နှစ်ကို အမေရိကန်က ဒေါ်လာ ဘီလျံရာပေါင်းများစွာ သုံးစွဲနေတဲ့ NATO ကို တစ်လမ်းသွား လမ်းကြောင်းတစ်ခုအဖြစ် အရင်ထဲကပဲ ကျွန်တော် အမြဲတမ်း ယူဆခဲ့လို့ပါ။ ကျွန်တော်တို့ကသာ သူတို့ကို ကာကွယ်ပေးမှာပါ၊ ဒါပေမယ့် သူတို့က ကျွန်တော်တို့အတွက် ဘာမှ လုပ်ပေးမှာမဟုတ်ပါဘူး။ အထူးသဖြင့် လိုအပ်တဲ့အချိန်မှာပေါ့” လို့ ဆက်လက် ပြောခဲ့ပါတယ်။
ဟောမုဇ်ရေလက်ကြား အရေးက သမ္မတထရမ့်ပ်နဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေအကြား မကျေမနပ် ဒေါသဖြစ်စရာလေးတွေတော့ ဖြစ်ခဲ့တာအမှန်ပါပဲ။
Ref- Kyodo News
