
၁၈.၃.၂၀၂၆.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးဟာ အစားအစာနဲ့ ရေမစားသောက်ရတာ သုံးရက်ကြာပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ရှိ ငှားရမ်းထားသော အိမ်တစ်လုံးအတွင်း မလေးရှားသို့ တရားမဝင်ပို့ဆောင်မှုကို စောင့်ဆိုင်းနေတုန်းမှာ ထိုင်းအာဏာပိုင်တွေက မတ်လ ၁၈ ရက်မှာ ကယ်တင်ခဲ့တယ် လို့ သိရပါတယ်။
ဖာတောင်မြို့နယ်၊ ကန်ချနာဝါနစ်လမ်းရှိ သောင်နီမစ် ရွှေဆိုင်အနီး လမ်းကြားတစ်ခုရှိ အိမ်တစ်လုံးကို တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ခိုလှုံဖို့ အသုံးပြုနေတယ်လို့ သတင်းပေးချက်တစ်ခု အရ ခုလို ကယ်တင်နိုင်ခဲ့တာပါ။ ဒေသခံတွေက အိမ်အတွင်းမှ အော်ဟစ်သံတွေနဲ့ ညည်းညူသံတွေကို ကြားရတယ်လို့ သတင်းပို့ခဲ့ကြပါတယ်။
ကယ်ဆယ်ရေး စစ်ဆင်မှုမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ၊ သွန်လုံရဲတပ်ဖွဲ့နဲ့ ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဌာန အရာရှိတွေ ပါဝင်ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့
ရောက်ရှိချိန်မှာ အခန်းရဲ့ ရှေ့တံခါးကို လုံခြုံစွာ သော့ခတ်ထားတာကို တွေ့ရှိခဲ့ရပြီး သူတို့က နောက်ဘက်မှ ဝင်ရောက်ခဲ့ကြတာပါ။ ရဲအရာရှိတွေက ပြင်းထန်စွာ အားနည်းနေတဲ့ အခန်းငယ်အတွင်း အမျိုးသား ၁၆ ဦး ထိုင်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တဲ့ ထိုအမျိုးသားတွေဟာ အစားအစာနှင့် ရေကို သုံးရက်ကြာ ပြတ်လပ်နေတယ်ဆိုတာ အာဏာပိုင်များကို ပြောပြကာ အစားအစာအတွက် တောင်းပန်ခဲ့ကြပါတယ်။
သူတို့ကို သွန်လုံရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရဲတွေက အစားအစာနဲ့ သောက်ရေကို ချက်ချင်းပေးအပ်ခဲ့ပါတယ်။
စကားပြန်မှတစ်ဆင့် မေးမြန်းစဉ် ရွှေ့ပြောင်းအလုပ်သမားများက ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့် ခရီးထွက်လာပြီး ဖူးခတ်တွင် ဆိုက်ကပ်ခဲ့ကာ ခရီးစဉ်အတွက် ပွဲစားကိုတစ်ဦးလျှင် ဘတ် ၉၆၀၀၀ နှင့်ညီမျှတဲ့ ငွေပေးချေခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အခုအခါ ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်ဖို့ တရားရုံးကို ပို့ဆောင်ထားပြီးလို့သိရပါတယ်။
Ref-Bangkok Post
