◾️ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် တရားမျှတ၊ သန့်ရှင်းပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လက်ရှိ လွှတ်တော်အစည်းအဝေးများ ကျင်းပပြုလုပ်နေမှုများအား ရှင်းလင်းပြောကြား




၁၈. ၃. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပူးတွဲစစ်ဦးစီးချုပ် General Chitchanok Nujjaya နှင့် ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ရှည်ကြာပြီး ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအား ထိထိရောက်ရောက်ဟန့်တား ရှင်းလင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC) ကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုအခါလွှတ်တော် အစည်းအဝေးများ ကျင်းပပြုလုပ်လျက်ရှိမှု အခြေအနေများ၊ ထိုင်းနိုင်ငံတွင်လည်း မကြာမီကာလအတွင်းက ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ လွှတ်တော်ကျင်းပလျက်ရှိမှုအခြေအနေများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
