
၁၉.၃.၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဂျီဟတ်စစ်သွေးကြွဟု သံသယရှိရသူများက ယခုအပတ် အစောပိုင်းတွင် စာတိုက်၊ ဈေးနှင့် သင်ကြားရေးဆေးရုံတို့၌ အသေခံဗုံးခွဲမှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုများကို မကြာသေးမီရက်များက တိုးမြှင့်လုပ်ဆောင်ခဲ့ကြပြီးနောက် နိုင်ဂျီးရီးယား စစ်သားများက အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ စစ်စခန်းအနီးတွင် သံသယရှိ စစ်သွေးကြွ ၈၀ ဦးကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း နိုင်ငံ၏ တပ်မတော်က မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လေကြောင်းအထောက်အကူပေးမှုဖြင့် နိုင်ဂျီးရီးယားစစ်တပ်က နိုင်ဂျာနိုင်ငံနယ်စပ်အနီးတွင် စစ်သွေးကြွ သူပုန်များ၏ ညလုံးပေါက် တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
အသေခံဗုံးခွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ထိုတိုက်ခိုက်မှုက ပဋိပက္ခဖြစ်ပွားနေသော ပြည်နယ် အတွင်း ဘိုကိုဟာရမ်နှင့် ၎င်း၏ပြိုင်ဘက် အစ္စလာမ္မစ်နိုင်ငံတော် အနောက်အာဖရိကပြည်နယ်ခွဲထွက်ရေးအဖွဲ့( ISAWP) တို့၏ ဂျီဟတ်အကြမ်းဖက်မှုများ မြင့်တက်လာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုအပတ်အစောပိုင်းတွင် ဘော်နိုမြို့တော် မိုင်ဒူဂူရီတွင် သံသယရှိ အသေခံဗုံးခွဲမှု သုံးကြိမ်ကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
လူဦးရေ ၁ ဒသမ၂ သန်းခန့်ရှိသော မြို့တွင် ဗုံးခွဲမှုများအတွက် မည်သည့်အဖွဲ့ကမှ ၎င်းတို့၏ လက်ချက်ဟု မပြောကြားသော်လည်း အရာရှိများက ဘိုကိုဟာရမ်အပေါ် သံသယဝင်ခဲ့ကြသည်။ ထို ဂျီဟတ်အဖွဲ့သည် လွန်ခဲ့သော ၁၇ နှစ်က ရှာရီယာဥပဒေကို အစွန်းရောက်အဓိပ္ပာယ်ဖွင့်ဆိုကာ နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းတွင် ပုန်ကန်မှုတစ်ခု စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသီူ အူဘားက စစ်တပ်၏တိုက်ခိုက်မှုကို ထိုးစစ်-ခံစစ် နှစ်မျိုးဖြင့် တုံ့ပြန်မှုအဖြစ် ဖော်ပြခဲ့သည်။
အာဏာပိုင်များက ထင်ရှားသောစစ်သွေးကြွ တပ်မှူးများအပါအဝင် အကြမ်းဖက်သမား အနည်းဆုံး ၈၀ ဦး သေဆုံးခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံတွင်၂၀၀၉ ခုနှစ်တွင် ပုန်ကန်မှုဖြစ်ပွားပြီးကတည်းက ဘိုကိုဟာရမ်သည် လူပေါင်း ၄၀,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူ နှစ်သန်းခန့်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရသည်။
Ref-DW News
