၁၈.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်မှ ခန့်အပ်ထားတဲ့ အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစင်တာရဲ့ ညွှန်ကြားရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ အဆင့်မြင့် အမေရိကန်ထောက်လှမ်းရေးအရာရှိကြီးတစ်ဦး ဖြစ်တဲ့ ဂျိုးကင့်က မတ်လ ၁၇ ရက်မှာ ရာထူးမှနုတ်ထွက်မယ်လို့ ရုတ်တရက်ကြေညာခဲ့ပြီး အစိုးရရဲ့ အီရန်နဲ့စစ်ပွဲအပေါ် ဒွိဟသံသယ ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။
ဂျိုးကင့်က ရာထူးမှနုတ်ထွက်စာကို X လူမှုကွန်ရက်မှာ တင်ခဲ့ပြီး အမေရိကန်အစိုးရရဲ့ စစ်ပွဲစတင်ဖို့ အခြေခံအချက်ကို သူ့အနေနဲ့ ဆန့်ကျင်တယ်လို့ပြောခဲ့ကာ သမ္မတ ထရမ့်ပ်ကိုလည်းစစ်ပွဲကို အဆုံးသတ်ဖို့ တောင်းပန်ခဲ့ပါတယ်။
ကင့်က စာမှာ “အီရန်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို ကျွန်တော်အနေနဲ့တော့ မှန်ကန်ကောင်းမွန်တယ်လို့ ထောက်ခံနိုင်မှာမဟုတ်ပါ။ အီရန်က ကျွန်တော်တို့နိုင်ငံအတွက် ခြိမ်းခြောက်မှုလည်းမရှိဘဲ အစ္စရေးနဲ့ သူ့ရဲ့အင်အားကြီးတဲ့ အမေရိကန်စည်းရုံးရေးလော်ဘီအဖွဲ့က ဖိအားပေးလာလို့ ဒီစစ်ပွဲကို စတင်ခဲ့တာ ထင်ရှားပါတယ်”လို့ ရေးသားခဲ့ပါတယ်။
အဆိုပါနုတ်ထွက်မှုက ထရမ့်ပ်အစိုးရရဲ့ အတွင်းလူဖြစ်တဲ့အပြင် လက်ယာယိမ်းလူထုလှုပ်ရှားမှုဖြစ်တဲ့ MAGA လှုပ်ရှားမှုကို ခိုင်မာစွာထောက်ခံသူတစ်ဦးထံမှ အီရန်စစ်ပွဲကို အမြင့်ဆုံးထင်ရှားတဲ့ ပြစ်တင်ရှုတ်ချမှုတစ်ခုဖြစ်ခဲ့ရပါတယ်။
သမ္မတ ထရမ့်ပ်ကတော့ ကင့်ရဲ့ အီရန်နဲ့စစ်ပွဲကို ကန့်ကွက်တဲ့အတွက် ရာထူးကနေ နုတ်ထွက်တာကို ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့ပြောကြားခဲ့ပြီး ကင့်ကို လုံခြုံရေးမှာ အလွန်အားနည်းသူပဲလို့ လှောင်ပြောင်ခဲ့ပါတယ်။
သူက “အီရန်ဟာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးလို့ ထင်နေတဲ့ တစ်ယောက်ယောက်က ကျွန်တော်တို့နဲ့ အလုပ်လုပ်နေတာကို မလိုချင်ပါဘူး၊ သူတို့က ထက်မြက်တဲ့သူတွေ ဒါမှမဟုတ် ပါးနပ်တဲ့သူတွေ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
Ref – CNN
