၁၈.၃.၂၀၂၆
Written by NYL
လွှတ်တော်သို့ရောက်လာသည့်အချိန် ပါတီအရောင်အသွေး မခွဲခြားဘဲ ပြည်သူလူထု အကျိုးစီးပွားကိုရှေးရှုပြီး ညီညီညွတ်ညွတ်ဖြင့် ၀ိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုလက်မှတ်ရေးထိုးခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၈) ဦးအောင်လင်းဒွေးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ဆက်ဆံဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကြရမှာဖြစ်သလို၊ လွှတ်တော်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာကြရမှာဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အချိန်မှာ ပါတီအရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြီး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူများက ယုံကြည်စွာရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူလူထုရဲ့အသံကို နားထောင်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်” ဟု ဦးအောင်လင်းဒွေးက ပြောကြားသည်။
ထို့ပြင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြစ်အတွက် ပြည်သူ့အကျိုးကို ရှေ့တန်းတင်ဆောင်ရွက်သွားကြရန် တာဝန်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရမည်ဖြစ်သည့်အတွက် ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမားဖော်ဆောင်နိုင်အောင် အရည်အချင်းတိုးတက်မြင့်မားစေရန် စဉ်ဆက်မပြတ် လေ့လာသွားကြမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ဆက်လက်ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်ကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ ယခုကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော်သည် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲဥပဒေနှင့်အညီ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ဖြစ်ပေါ်လာသည့် လွှတ်တော်ဖြစ်သည့်အတွက် ထူးခြားစွာပေါ်ပေါက်လာသည့် လွှတ်တော်ဖြစ်ကြောင်းလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် အညီ တတိယအကြိမ် အမျိုးသားလွှတ်တော်စတင်သည့် သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား မိမိကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်၊ ဝမ်းမြောက်ဝမ်းသာဂုဏ်ယူကြောင်းနှင့် မိမိဘ၀၏ မှတ်တိုင်တစ်ခုအဖြစ် စွဲမြဲစွာမှတ်သားထားရှိသွားမှာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
အခက်အခဲများစွာကြားကပင် လွတ်လပ်ပွင့်လင်း တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးခဲ့သည့် နိုင်ငံတော်အစိုးရကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခွင့်ရသည့်အချိန်မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ရှေးရှုဆောင်ရွက်သွားမည်ကို ကတိပြုပြောကြားလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်၏ ထုံးတမ်းစဉ်လာများကို တိကျစွာ လေးစားလိုက်နာပြီး သမာသမတ်ကျစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တက်ညီလက်ညီ၀ိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
