၁၈.၃.၂၀၂၆
Written by Thiri
မုံရွာမြို့မှာ မတ်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းတွင်းမြစ်အတွင်း ဆယ်ကျော်သက် ကလေးငယ် ၅ ဦး ရေဆင်းကူးရာက ၃ ဦး ရေနစ်ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ပျောက်ဆုံးနေသူ ၃ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မတ်လ ၁၈ ရက်မှာ ပြန်လည်တွေ့ရှိပြီလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ ထံကနေ သိရပါတယ်။
ရုပ်အလောင်းတစ်လောင်းကို မနေ့က မတ်လ ၁၇ ရက်နေ့မှာ ကူညီရှာဖွေမှုများ ဆောင်ရွက်နေစဉ် ငါးဖမ်းပိုက်ထဲ ယောကျ်ားလေးရုပ်အလောင်း တွေ့ရှိကြောင်း အကြောင်းလာတဲ့အတွက် မုံရွာ Recuse အဖွဲ့ဝင်တွေက သွားရောက်ဆယ်ယူကာ သုမေဓ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နဲ့ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။




ကျန်ရုပ်အလောင်း နှစ်လောင်းကိုတော့ မတ်လ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီခန့်မှာ ရေနစ်ပျောက်ဆုံးတဲ့နေရာရဲ့ ရေမိုင် မိုင်ဝက်ခန့်အကွာနေရာကနေ ထပ်မံဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရေနစ်မြုပ်မှုဖြစ်စဉ်က မတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ချင်းတွင်းမြစ် ဇက်ဆိပ်အနီး၊ ကလေး ၅ ဦးခန့် ရေဆင်းချိုးရာက ရေနစ်မြုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ တယ်လီဖုန်းဆက်သွယ် အကြောင်းကြားမှုအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးမှ ရေငုပ်ရှာဖွေရေးအဖွဲ့ဝင် ဝင်တွေထွက်ခွာဆောင်ရွက်ခဲ့တာပါ။ ရေနစ်သူ ငါးဦးအနက် ကလေးနှစ်ဦးကို အနီးအနားက စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦးပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
အခု ရုပ်အလောင်း ပြန်လည်တွေ့ရှိတဲ့ သေဆုံးသူတွေဟာ မုံရွာမြို့ ရုံးကြီးရပ်ကွက်နဲ့ ရန်ကင်းရပ်ကွက်နေထိုင်တဲ့ အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၁ ဦးနဲ့ ယောကျ်ားလေး ၂ ဦးတို့ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆယ်ယူရရှိတဲ့ ကလေးတွေရဲ့ရုပ်အလောင်းတွေကို မုံရွာမြို့ပြည်သူ့ ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
