၁၈.၃.၂၀၂၆
Written by NYL
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ယနေ့၊ နေ့လယ် ၁၂ နာရီတွင်ပြီးဆုံး၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ် ၁၈ ရက်)နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၂၃၁ ဦးတက်ရောက်ခဲ့ကာ ခွင့်ပန်သူမရှိခဲ့ကြောင်း သိရသည်။
ပထမနေ့ အဆိုပါအစည်းအဝေးတွင် ဦးစွာ အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဒေါ်ဒွဲဘူကို တင်မြှောက်ခဲ့ပြီး အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲခဲ့သည်။
ယင်းနောက် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးအောင်လင်းဒွေးကို ရွေးကောက်တင်မြှောက်ခဲ့ကာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဂျန်ဖော်နော်တောကို ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် အမျိုးသားလွှတ်တော် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု၊ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ပေးခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အခမ်းအနား အစီအစဉ် ၁၄ ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။









