သတိုး
၁၈. ၃. ၂၀၂၆
ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦး ပါဝင်တဲ့ နိုင်ငံတကာ အကြမ်းဖက်ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အိန္ဒိယဗဟိုအေဂျင်စီတွေက ပြောပါတယ်။
ဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြံစည်နေသလို မြန်မာနိုင်ငံ ချင်းပြည်နယ်က တပ်မတော်ဆန့်ကျင်ရေး အဖွဲ့တွေကိုလည်း စစ်သုံးဒရုန်းနည်းပညာတွေ တပ်ဆင်ပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီ ၇ ဦးပါအဖွဲ့မှာ ယူကရိန်းစစ်ပြန် ၃ ဦးဖြစ်တဲ့ Petro Hurba၊ Taras Slyviak နဲ့ Ivan Sukmanovskyi တို့ကို မတ်လ ၁၃ ရက်နေ့က လတ်ခ်နောင်းလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဖမ်းဆီးခဲ့ပြီး အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) နဲ့ အမှုဖွင့်ထားပါတယ်။
ဒီကွန်ရက်ကို အမေရိကန်နိုင်ငံသား Mathew Aron Van Dyke က ဦးဆောင်တာဖြစ်ပြီး သူ့ကို ကာလ်ကတ္တားလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။ တခြားယူကရိန်းနိုင်ငံသား ၃ ဦးဖြစ်တဲ့ Stefankiv Marian၊ Honcharuk Maksim နဲ့ Kaminskyi Viktor တို့ကိုလည်း မကြာသေးခင်က ဒေလီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။
Van Dyke ဟာ သူ့ကိုယ်သူ လုံခြုံရေးအကြံပေးလုပ်ငန်း တည်ထောင်သူနဲ့ ရုပ်ရှင်ရိုက်ကူးသူလို့ အွန်လိုင်းမှာ ဖော်ပြထားပြီး လစ်ဗျား၊ ယူကရိန်းပဋိပက္ခတွေနဲ့ ဗင်နီဇွဲလားနိုင်ငံက လျှို့ဝှက်စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အခု စွပ်စွဲခံရသူ ၇ ဦးလုံးဟာ NIA ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေပြီး စုံစမ်းစစ်ဆေးသူတွေက နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုတွေ၊ ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ အိန္ဒိယလုံခြုံရေးအတွက် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဆက်လက်စုံစမ်းနေပါတယ်။
တနင်္လာနေ့က နယူးဒေလီရှိ Patiala House တရားရုံးက အပိုဒ်စုံအမိန့်အရ ဒီအဖွဲ့ကို ၁၁ ရက်ကြာ ရဲဘက်ချုပ်မိန့်ပေးခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေဟာ “အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွား” အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေတာကြောင့် အခုစုံစမ်းစစ်ဆေးမှုအဆင့်မှာ ထိန်းသိမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ တရားသူကြီးက မှတ်ချက်ပေးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှု အသေးစိတ်အရ လတ်ခ်နောင်းမှာ ဖမ်းမိသူတွေဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ယူအေအီး (UAE) ကနေ အိန္ဒိယကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ရောက်လာကြတာပါ။ ပြီးတော့ လိုအပ်တဲ့ ကန့်သတ်နယ်မြေသွားလာခွင့်လက်မှတ် (RAP) မရှိဘဲ မီဇိုရမ်ပြည်နယ်ကို သွားခဲ့ကြပြီး အဲဒီကနေ မြန်မာနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။
သံသယရှိသူတွေဟာ ဂူဝါဟာတီ (Guwahati) ကနေ လတ်ခ်နောင်းကို ဘတ်စ်ကားနဲ့ လာခဲ့ကြတာဖြစ်ပြီး သူတို့ ပြန်မထွက်ခွာခင် နာရီပိုင်းအလိုမှာ လေဆိပ်အနီးက ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့ကြပါတယ်။ ဟိုတယ်ပိုင်ရှင်ရဲ့ အဆိုအရ သူတို့ ၃ ဦးဟာ ကမ္ဘာလှည့်ခရီးသည်တွေလို့ ပြောခဲ့ကြပြီး တစ်ယောက်က စားဖိုမှူးလို့ ပြောပေမယ့် အရင်က ဘယ်တွေသွားခဲ့လဲဆိုတဲ့ မေးခွန်းတွေကိုတော့ ရှောင်ရှားခဲ့ကြတယ်လို့ သိရပါတယ်။
“ဟိုတယ်က Form C (နိုင်ငံခြားသားတည်းခိုကြောင်း အကြောင်းကြားစာ) ကို အချိန်မီ ပေးပို့ခဲ့တာက သူတို့ကို ခြေရာခံဖို့အတွက် အဓိကကျခဲ့ပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ စွပ်စွဲချက်အရ ဒီအဖွဲ့ဟာ ဥရောပကနေ ဒရုန်းတွေကို အိန္ဒိယထဲ သယ်ယူလာပြီး အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ပို့ဆောင်ခဲ့တာပါ။ ပြီးတော့ တပ်မတော်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma ကလည်း ယူကရိန်းစစ်ပြန်တွေ ချင်းပြည်နယ်ထဲမှာ ရှိနေပြီး လက်နက်ကိုင်အဖွဲ့တွေကို သင်တန်းပေးနေတယ်လို့ ထောက်လှမ်းရေးသတင်းတွေအရ သိရကြောင်း လွှတ်တော်ထဲမှာ အစောပိုင်းကတည်းက ပြောကြားခဲ့ဖူးပါတယ်။
Ref : Times of India
