၁၈. ၃. ၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးအောင်လင်းဒွေးကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၈) ဦးအောင်တင်မြင့်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဂျန်ဖော်နော်တောင်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် အမျိုးသားလွှတ်တော် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု၊ လက်မှတ်ရေးထိုးခဲ့ကြသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ရွေးကောက်ခံကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမှုအပြင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အခမ်းအနား အစီအစဉ် ၁၄ ရပ်ဖြင့် ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၁၃ ဦး တက်ရောက်ခဲ့ကာ ခွင့်ပန်သူမရှိခဲ့ကြောင်း သိရသည်။







