၁၁. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၂၆၈,၇၅၃ ဦးရှိခဲ့ရာ လာရောက်ဖြေဆိုသူ ၂၅၅၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့၍ ၉၅ ရာခိုင်နှုန်းနီးပါးအထိ လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂,၁၉၁ ဦး၊ ကျောင်းသူ ၁၅၆,၅၆၂ ဦး၊ စုစုပေါင်း ၂၆၈၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄၂၅၉ ဦး၊ ကျောင်းသူ ၁၅၀၉၆၉ ဦး၊ စုစုပေါင်း ၂၅၅၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမွေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန်စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး၊ စုစုပေါင်း ၃,၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁,၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃,၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ် ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာ၊ မတ် ၁၆ ရက်တွင် ရူပဗေဒနှင့် သမိုင်းဘာသာ၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာတို့ကို ဖြေဆိုကြရမည်ဖြစ်ကာ မတ် ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၁၁ ရက် နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။
