◾️ ကားများ Wheel Tax Barcode နှင့် ဆိုင်ကယ်များ Wheel Tax ပါ အချက်အလက်များ အသုံးပြုပြီး QR Code ထုတ်ပေး၍ Application ဖြင့် အလိုအလျောက်စစ်ဆေးပြီး စိစစ်ရောင်းချပေးမည်
◾️ သို့သော် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြု စိစစ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်
၁၁. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီတန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များတွင် တယ်လီဖုန်း Application ကို အသုံးပြုပြီး တစ်ရက်အတွင်း တစ်ကြိမ်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် မနက်ဖြန် စတင်စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။
စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application ကို အသုံးပြုပြီး စိစစ်ရောင်းချမှုများဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ပိုမိုရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြု စိစစ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
မော်တော်ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလိုအလျောက် စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။
မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်း မရှိသေးပါက စက်သုံးဆီများ ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။
အကယ်၍ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထမအကြိမ်ဝယ်ယူခဲ့မှုကို ဖော်ပြပေးမည်ဖြစ်ကာ ဆီဝယ်ယူခွင့်ရရှိမည် မဟုတ်ဘဲ နောက်တစ်ရက်မှသာ ထပ်မံဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီဝယ်ယူမှုများ မရှိစေရေး စိစစ်တားမြစ် သွားမည်ဖြစ်သည်။
မော်တော်ဆိုင်ကယ်များ၏ Wheel Tax တွင် Barcode မပါရှိသည့်အတွက် အရောင်းဆိုင်တွင် QR Code များထုတ်ယူရမည်ဖြစ်သည်။ ယင်းသို့ ထုတ်ယူနိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်၏ Wheel Tax အား အရောင်းဆိုင်ဝန်ထမ်းသို့ပေးအပ်ပြီး ဝန်ထမ်းမှ Application တွင် ယာဉ် နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များ ဖြည့်သွင်းကာ QR Code ထုတ်ပေးမည်ဖြစ်သည်။
ယင်း QR Code ကို ပိုင်ရှင်အနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခြင်း သို့မဟုတ် အရောင်းဆိုင်မှ Print ထုတ်ပေးခြင်းဖြင့် ရယူသိမ်းဆည်းထားရှိရန် လိုအပ်မည်ဖြစ်သောကြောင့် စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း QR Code အား အရောင်းဆိုင်ဝန်ထမ်းသို့ ပြသဝယ်ယူနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်ဝယ်ယူမှုမရှိစေရေး စနစ်မှအလိုအလျောက် စစ်ဆေးရောင်းချပေးသွားမည်ဖြစ်သည်။
အရောင်းဆိုင်များမှ စက်သုံးဆီများစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် မူဝါဒများနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားမှုအလိုက် စက်သုံးဆီရောင်းချနိုင်ရေးကိုလည်း တစ်ပါတည်း စစ်ဆေးမည်ဖြစ်သဖြင့် မိမိယာဉ်အသုံးပြုခွင့်ရှိသည့်ရက်များအတွက်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေ ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် မတ်လ ၁၂ ရက်မှစတင်စတင်၍ စက်သုံးဆီအရောင်းဆိုင်များ၌ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အား လိုအပ်သောစစ်ဆေးပြုပြင်မှုများ ဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်၍ Application ကို အသုံးပြုသွားမည်ဖြစ်သည်။
