၁၁. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်အထိ ဖြေဆိုရမည်ဖြစ်ပြီး ပထမဆုံးနေ့ဖြစ်သည့် ယနေ့တွင် မြန်မာစာဘာသာ စတင်ဖြေဆိုခဲ့ကြသည်။

မတ်လ ၁၂ ရက်(မနက်ဖြန်)တွင် အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီဝင်ဘာသာ၊ မတ်လ ၁၆ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ်လ ၁၇ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) တစ်ရက် ပိတ်ရက်ရရှိသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားခဲ့သူဦးရေ ၂၂၀,၀၀၀ ကျော်ရှိခဲ့သည်။

ယခု ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြည်ပစာစစ်ဌာနများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၈၉၀ ခန့်တွင် ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့အထိ စာရင်းများအရ ၂၆၅,၀၀၀ ကျော် ရှိပြီး ယခင်နှစ်ထက် ပိုမိိုများပြားလာခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ စုံ၊မ အက္ခရာခွဲခြားပြီး ယာဉ်သွားလာခွင့် ပြုထားသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ယာဉ်များ “စာမေးပွဲတာဝန်” (သို့) “ Car Pass” ကတ်ပြားများ ကားရှေ့မှန်တွင်ကပ်ပြီး ပုံမှန်အတိုင်း သွားလာခွင့်ပြုထားသည်။
