၁၁. ၃. ၂၀၂၆
Written by Nyein Kyaw
လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားရာတွင် ထည့်သွင်းပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်တွင် EV ကားများ အသုံးပြုရန်အတွက် တိုက်တွန်းခဲ့သကဲ့သို့ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခုဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးအခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံ၌လည်း လောင်စာဆီများ အခက်အခဲဖြစ်ပေါ်လျက်ရှိချိန်တွင် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ၏ အခန်းကဏ္ဍသည် မြင့်တက်လာနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
လောင်စာဆီအခက်အခဲများကြောင့် မိမိတို့အနေဖြင့် မလိုလားအပ်ဘဲ လောင်စာဆီ သုံးစွဲနေမှုများအား အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ၍ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
