နေမိုး
၉. ၃. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ လက်နက်မဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို ပဲခူး PDF များက နေအိမ်အထိ လာရောက် သတ်ဖြတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ် မတ် ၈ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး(၅၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခုနစ်ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်စိုးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၇ ရက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးကျေးရွာနေ ဦးဇော်ဇော်(၄၅) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦး(၃၉)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများနှင့် ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသော်လည်း ဖော်ထုတ်ဖမ်းဆီးနိုင်မှု မရှိသလောက် နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
