
၁၀.၃.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူးပြီးကလပ်အသင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ရွှေသံလွင်မီဒီယာတို့က ပူးပေါင်းစီစဉ်တင်ဆက်မယ့် Myanmar Sepaktakraw League ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကြီးကို မတ် ၁၄ ရက်ကနေ ဧပြီ ၅ ရက်အထိ
ရန်ကုန်မြို့ရှိ သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံမှာ ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။
ခတ်ကြေး စုစုပေါင်း ကျပ်သိန်း ၈၀၀ အထိချီးမြှင့်မယ့် ဒီပြိုင်ပွဲကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၁၀ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ်စတင်အကောင် အထည်ဖော်ပြီး ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကြီးကို စီစဉ်ကျင်းပဖြစ်တာပါ။ နိုင်ငံတကာပိုက်ကျော်ခြင်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေ၊ မျိုးဆက်သစ်လူငယ်ပိုက်ကျော်ခြင်း ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရွေးစင်နဲ့ မျိုးဆက်သစ်တို့ကို ပေါင်းစပ်ယှဥ်ပြိုင်မှုရသ၊ မျိုးဆက်သစ်တွေနဲ့ပြိုင်ဆိုင်မှုနဲ့ အရည်အသွေးတို့ကို ပေါ်လွင်စေမယ့် ပြိုင်ပွဲဖြစ်ပါတယ်”လို့ မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကျင်းပရေးဦးဆောင်ကော်မတီဝင် ကိုသစ္စာက ပြောပါတယ်။
အဆိုပါ (MSL)ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစားတွေအနေနဲ့ အမျိုးသား (၄) ယောက်တွဲ၊ အမျိုးသား (၃) ယောက်တွဲနဲ့ အမျိုးသမီး (၃) ယောက်တွဲနဲ့ ပြိုင်ပွဲအမျိုးအစား (၃) မျိုး ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ဒီအသင်းအရေအတွက်အနေနဲ့ စုစုပေါင်း အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲဝင်အသင်း(၅)သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း(၁ဝ)သင်းက ပြိုင်ပွဲအမျိုးအစားနှစ်မျိုးအဖြစ် အမျိုးသားသုံးယောက်တွဲ၊ အမျိုးသားလေးယောက်တွဲ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲအားလုံး စုစုပေါင်းပွဲစဉ် ၁ဝဝ ရှိပြီး ပြိုင်ပွဲကြီးရဲ့ ပထမဆု၊ ဒုတိယဆု၊ တတိဆုအသင်းတွေပါဝင်တဲ့အသင်းတွေကို ခတ်ကြေးစုစုပေါင်း ကျပ်သိန်း (၈ဝဝ) ကျော် ချီးမြှင့်ပေးအပ်မှာလည်းဖြစ်ပါတယ်။
Myanmar Sepaktakraw League 2026 ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို SkyNet Sports-3 နဲ့ Channel-9, SkyNet Application နဲ့ SKYNET YouTube Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
