
၁၀.၃.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သရက်ညိုပင်ကျေးရွာ၊ စာသင်ကျောင်းလမ်းရှိ အုတ်ညှပ်ပျဥ်ထောင်နှစ်ထပ်နေအိမ်တွင် ထမင်းပေါင်းအိုးတည်ရာမှ မီးခလုတ်ပြန်မတက်ဘဲ အပူလွန်ကဲကာ နေအိမ်တစ်လုံးနှင့် ဂိုထောင်တစ်လုံးမီးလောင်မှု ယနေ့ မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှသိရသည်။
အဆိုပါ မီးလောင်မှုသည် ၂၆ မိနစ်ကြာမြင့်ခဲ့ပြီး အုတ်ညှပ်ပျဥ်ထောင် နှစ်ထပ်နေအိမ်တစ်လုံး၊ သွပ်မိုး၊ တိုင်ထောင် ဂိုဒေါင်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊အထောက်အကူပြုယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းခဲ့သည်။
နေအိမ်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၈ နှစ်အရွယ် ဦးစောမြင့်ဝေကို မှော်ဘီမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
