၁၀. ၃. ၂၀၂၆
Written by Nyein Kyaw
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များအား လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကို ရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အလားတူ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉) ကြိမ်၊ NCA လက်မှတ် ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုကဲ့သို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အခြေခံဥပဒေများနှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင် နေကြသည့်အခြေအနေများရှိနေကြကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင်ရန်များရှိနိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန်လိုကြောင်း၊ အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါကြောင်း ယာယီသမ္မတက ပြောကြားသည်။
