၁၀. ၃. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်အတွင်း အခက်အခဲအကျပ်အတည်းပေါင်းများစွာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ခြင်းကြောင့် မိမိတို့အစိုးရ တာဝန်ထမ်းဆောင်မှုများသည် နိုင်ငံတော်တွင် မှတ်ကျောက်တင်ခံခဲ့ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားရာတွင် ထည့်သွင်းပြောကြားသည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကာလအတွင်း အခက်အခဲ အကျပ်အတည်းပေါင်းများစွာမှ ကြံ့ကြံ့ခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
တာဝန်ထမ်းဆောင်ခဲ့ချိန်ကာလများအတွင်း နိုင်ငံတော်အတွက် သစ္စာရှိစွာဖြင့် လက်တွဲလုပ်ဆောင်ခဲ့မှုများအတွက် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပြီး မိမိတို့၏ တာဝန်ထမ်းဆောင်မှုများသည် နိုင်ငံတော်တွင် မှတ်ကျောက်တင်ခံခဲ့ကြမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နောင်လာမည့်အစိုးရအနေဖြင့် ယခုကဲ့သို့ အခက်အခဲများကြုံတွေ့ရမှု မရှိစေရေးအတွက် မိမိတို့တာဝန်ထမ်းဆောင်ခဲ့ရချိန်ကာလများအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် အတွေ့အကြုံများကို ပြည့်ပြည့်စုံစုံဖြင့် ရေးသားဖော်ပြ၍ စနစ်တကျ လွှဲပြောင်းပေးသွားကြရန်လိုကြောင်းနှင့် ကောင်းမွန်သည့်လုပ်ဆောင်မှုများကို လက်ဆင့်ကမ်းပေးခဲ့ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
