၉. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီဖူလုံရေးအတွက် ထပ်မံရောက်ရှိမည့် ဆီတင်သင်္ဘော ၁၄ စီးအနက် သင်္ဘော ၂ စင်း ရောက်ရှိနေပြီး လမ်းခရီးတွင် သင်္ဘော ၃ စင်း၊ ဆီတင်နေသည့် သင်္ဘော ၄ စင်းနှင့် ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော ၅ စင်းတို့သည်လည်း စဉ်ဆက်မပြတ် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အရန်စက်သုံးဆီ ရက် ၄၀ စာခန့်ရှိကြောင်းနှင့် ကြိုတင်စီမံမှုများအနေဖြင့် သီလဝါဆိပ်ကမ်းတွင် ဆီသင်္ဘော ၂ စင်း ဆိုက်ကပ်ထားပြီဖြစ်သလို ဆီတင်သင်္ဘော ၁၄ စင်းလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၄ ရက်တွင် ပြောကြားထားသည်။
ယင်းကဲ့သို့ ပြောကြားပြီး ၄ ရက်မြောက်နေ့ ဖြစ်သည့် မတ်လ ၈ ရက် (ယမန်နေ့)တွင် ဆီသင်္ဘောတင်သွင်းရောက်ရှိမှု အခြေအနေမှာ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော ၂ စင်း၊ လမ်းခရီးတွင် သင်္ဘော ၄ စင်း၊ ဆီတင်လျက်ရှိသည့် သင်္ဘော ၃ စင်းနှင့် ဆီတင်ရန်စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘော ၅ စင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးသည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန်တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ်ရေးဆွဲ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
