၉.၃.၂၀၂၆
Written by Linn Eain
အခြေခံပညာဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်လှစ်ပွဲ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ အာကာသပြတိုက်တွင် မတ် ၉ ရက်၊ နံနက် ၈ နာရီတွင်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းကို အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အာကာသနည်းပညာဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သဘောပေါက်စေရန်၊ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ စိတ်ဝင်စားမှုနှင့် စူးစမ်းလေ့လာ စူးစမ်းလေ့လာလိုစိတ်ကို မြှင့်တင်ပေးရန်၊ အနာဂတ်တွင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို လေ့လာလိုစိတ်ကို ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများ တည်ဆောက်ပေးရန် ရည်ရွယ်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “ဒီသင်တန်းကို တက်ရောက်ကြမဲ့ မောင်မယ်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံရဲ့ အရေးကြီးတဲ့ အာကာသအင်ဂျင်နီယာတွေ၊ ဂြိုဟ်တုပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ အာကာသသိပ္ပံဟာ စိန်ခေါ်မှုများသလို စိတ်လှုပ်ရှာစရာလည်းကောင်းပါတယ်။ သင်တန်းကာလအတွင်းမှာ သားတို့၊ သမီးတို့အနေနဲ့ စူးစမ်းချင်စိတ်ကို မွေးမြူပါ။ မေးခွန်းထုတ်ဖို့ မကြောက်ပါနဲ့။ သိပ္ပံပညာရဲ့ အခြေခံဟာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းက စတာပါ။ လက်တွေ့ကျကျလေ့လာမှုများ၊ သီအိုရီတွေတင်မကဘဲ လက်တွေ့စမ်းသပ်မှုတွေမှာ တက်ကြွစွာပါဝင်ကြပါ” ဟု အဆိုပါသင်တန်းဖွင့်ပွဲ၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 9၊ Grade 10၊ Grade 11 ကျောင်းသား ၁၁၀ ဦး၊ ကျောင်းသူ ၉၇ ဦး စုစုပေါင်း ၂၀၇ ဦး တက်ရောက်ခဲ့ပြီး ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံအာကသအေဂျင်စီမှ နည်းပြများ၊ ဆရာမများက အထက (၂) ဒဂုံကျောင်းတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သီတင်းပတ် လေးပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က “ဒီသင်တန်းကို ရက်ပေါင်း ၂၀ ကျော်ကြာ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီနေ့ဟာ သားတို့၊ သမီးတို့အတွက် ဘ၀မှာအရေးပါတဲ့ စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ နေ့တစ်နေ့ရဲ့အစလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာကာသနည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ဖိို့အတွက် ရည်ရွယ်ပြီးတော့ မြန်မာနိုင်ငံအာကာသအေဂျင်စီနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့မှ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။
အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံအာကာသအေဂျင်စီနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာတို့ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအနေဖြင့် သင်တန်းအမှတ်စဉ် ၁/၂၀၂၆ ဖွင့်လှစ်ခြင်းဖြစ်ပြီး နောင်လာမည့်နှစ်များတွင်လည်း နွေရာသီသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
