◾️အဆိုပါ နှစ်နိုင်ငံလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး
၅. ၃. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ နီကာရာဂွါသမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးတို့က ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများ လာရောက်ပေးအပ်ခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia က ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုများနှင့် စီးပွားရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားလာမှုကဏ္ဍနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နီကာရာဂွါနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နယ်ပယ်ပေါင်းစုံတွင် မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုနှင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံသံအမတ်ကြီးအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လာရောက်လေ့လာခဲ့မှုအခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် ပြည်သူများအနေဖြင့် အားတက်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ မကြာမီကာလအတွင်း လွှတ်တော်ကျင်းပ ဆောင်ရွက်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံနှင့်နီကာရာဂွါ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နိုင်ငံတော်ယာယီသမ္မတထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed M Al Howishan က ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံတို့အကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူဆောင်ရွက် သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
