သက်တံ့
၅. ၃. ၂၀၂၆
အမြန်လမ်းတွင် လင်းထက်ကြယ်ဘုရားဖူးယာဥ်နှင့် ဆိုင်ကယ်တိုက်မိရာမှ သုံးလောင်းပြိုင်သေဆုံးမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယနေ့ မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် နေပြည်တော်မှ ရန်ကုန်သို့ အပြန်လမ်းအတိုင်း မောင်းနှင်လာသော 4M-5009 (လင်းထက်ကြယ်) Higer အမျိုးအစား ဘုရားဖူးယာဉ်မှာ အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် မိုင်တိုင် အမှတ် (၇၅/၃-၇၅/၄) ကြားအရောက်၌ မောင်းသူအပါ အမျိုးသား (၃)ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်သည် လမ်း၏အနောက်ဘက်မှ အရှေ့ဘက်သို့ ရုတ်တရက် ဖြတ်ကူးစဉ် ဘုရားဖူးမှန်လုံခရီးသည်ယာဉ်နှင့် တိုက်မိခဲ့သည်။
ထိုဖြစ်စဥ်၌ ဆိုင်ကယ်ပေါ်ပါသူ အမျိုးသား (၃)ဦးစလုံး အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့သည်။ အမြန်လမ်းမကြီးများ ဥပဒေအရ မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီး ယာဉ်များမှာ အမြန်လမ်းကို သုံးစွဲခွင့်မရှိကြောင်း နှင့် အမြန်လမ်းပေါ်၌ အဆိုပါယာဉ်များကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်မောင်းနှင် သူသာအရေးယူခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးသည်။
