၅.၃.၂၀၂၆
Written by Linn Eain
စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ပြီး အရောင်းဆိုင်များက ရောင်းချပေးခြင်းမရှိဟု တိုင်ကြားလာပါက တိုင်ကြားခံဆီဆိုင်ကို ပိတ်သိမ်းစေမည်ဟု စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၅ ရက်က စတင်၍ ကြေညာချက်ထုတ်ပြန်ထားပြီး စက်သုံးဆီအရောင်းဆိုင်များတွင် ယင်းကြေညာချက်ကို ချိတ်ဆွဲအသိပေးထားကြောင်း သိရသည်။
အဆိုပါ ချိတ်ဆွဲ၍ကြေညာထားမှုတွင် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း၊ စက်သုံးဆီရောင်းချပေးခြင်း မရှိပါကလည်း အောက်ပါဖုန်းနံပါတ်များသို့ တိုင်ကြားပါက အဆိုပါအရောင်းဆိုင်အား ပိတ်သိမ်းစေပါမည်ဖြစ်ကြောင်းနှင့် ဖုန်းနံပါတ် ၀၉-၇၉၇၄၂၁၀၉၅၊ ၀၉-၅၂၄၀၃၆၃ တို့ကို တိုင်ကြားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တာမွေမြို့နယ်မှ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ‘’ စွမ်းအင်ဝန်ကြီးက ဌာနက ထုတ်ပြန်ထားတဲ့ စာကို ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ဆီဆိုင်တစ်ခုမှာ ဆီထည့်ရင်း တွေ့ခဲ့ပါတယ်။ နောက်ထပ် ဆီဆိုင်တွေမှာလည်း တွေ့ခဲ့ပါတယ်။ ဆီလည်း လိုသလောက် ရောင်းပေးလို့ လိုအပ်တဲ့ပမာဏ ဆီဖြည့်ခဲ့ရပါတယ်။ အချို့ဆိုင်တွေကတော့ ဆီကုန်နေလို့ သီလဝါမှာ ဆီသွားသွယ်နေတာမို့ ဆိုင်ယာယီပိတ်ထားတယ်လို့ ဆိုင်ရှေ့မှာ အသိပေးစာကပ်ထားတာလည်း တွေ့ခဲ့ရပါတယ် “ ဟု ပြောကြားခဲ့သည်။
ထို့ပြင် စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် ပြည်သူသို အသိပေးပန်ကြားချက် ထုတ်ပြန်ထားသော်လည်း အရန်ဆီမရှိ၍ မဟုတ်ဘဲ ဖြစ်လာနိုင်သည့် ရေရှည်အကျပ်အတည်းအတွက် ကြိုတင်အသိပေးခြင်းဖြစ်ပြီး နိုင်ငံတွင် အရန်စက်သုံးဆီ ရက် ၄၀ စာရှိသလို ဆီသင်္ဘော ၁၆ စင်းဖြင့် ဆီချရန် ပြင်ဆင်နေသည်ဟုလည်း သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၄ ရက်က ပြောကြားထားသည်။
“မနေ့ကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိကထုတ်ပြန်ရတဲ့အကြောင်းရင်းကတော့ နံပါတ်(၁) ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီမရှိလိုမဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို တွက်ဆပြီးတော့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ိဖု့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်း ဂါလံနှင့် ဒီဇယ် ၁ ဒသမ ၇ သန်းဂါလံခန့်ရှိသဖြင့် စုစုပေါင်း တစ်ရက်လျှင် စက်သုံးဆီဂါလံ ၃ ဒသမ ၂ သန်းခန့် သုံးစွဲနေလျက်ရှိကြောင်း သိရသည်။
