၅.၃.၂၀၂၆
Written By Thandar
Mahar Original Series ဖြစ်တဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ “ဂေါ် သဇင်” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မတ် ၅ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Strand Hotel မှာကျင်းပခဲ့ပါတယ်။
“ဂေါ်သဇင် ဇာတ်လမ်းတွဲက ကျွန်တော်နဲ့ မဟာ ပထမဆုံး အတူတူရိုက်ကူးဖြစ်တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းတွဲလေးမှာ ပါဝင်ဖြစ်တာက ကိုယ့်ရဲ့ သရုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို သဘောကျလို့လည်း ပါပါတယ်။ မဟာနဲ့ ပထမဆုံးလက်တွဲတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ အများကြီး ရင်ခုန်ပါတယ်။ ဒီကားလေးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ်လို့ မျှော်လင့်ပါတယ်။ ထွက်ရှိလာရင် အားပေးကြပါဦး”လို့ အကယ်ဒမီ ကျော်ကျော်ဗိုက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်ကရေးသားပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗို၊ စည်သူဝင်း၊ ဘုန်းရှိန်ခန့်၊ ရဲလွင်ဦး၊ အကယ်ဒမီ မေမြင့်မိုရ်၊ ချိုမဒီသွင်၊ ဇော်ဝင်းနိုင်(မန်း)၊ သတ္တိ၊ ထက်လျှမ်း၊ ဩနေသိမ်၊ ကောင်းချင်းတည်ကြည်၊ ပီယ၊ ဇော်ကြီး၊ လှမျိုးသဉ္ဇာနွယ်၊ အကယ်ဒမီ ဝါဝါအောင်၊ လှနုထွန်း၊ ဝါဝါမေမောင်၊ အေးသီတာ၊ ဆုရှိုင်း၊ သာသာအောင်၊ သီရိကျော်၊ မေသရ၀ဏ်၊ မေသွယ်၊ သင်းနန္ဒီဇော်၊ ဝမ်းဝမ်း၊ ကျော့ကျော့၊ ချစ်မမမိုး၊ နှင်းဧကရီ၊ Alice တို့ပါဝင်ထားကြပါတယ်။
“ဒီဂေါ်သဇင်ဆိုလည်း သဇင်ဆိုတဲ့ ကာရိုက်တာလေးပါ။ သူ့အသက် ၄ နှစ်ကနေ အသက် ၄၀ အထိ ဘဝတစ်လျှောက်လုံးကို ခက်ခဲကြမ်းတမ်းမှုလေးတွေလည်းပါပါတယ်။ ကောင်မလေးနာမည်က သဇင်မို့ သူ့ကို ကိုယ်စားပြုပြီးတော့ ဂေါ်သဇင်ဆိုတာ ဖြစ်လာတာပါ။ မိဘမဲ့ကောင်မလေးပါ။ ဒီကားမှာလည်း ပရိသတ်တွေ တမြေ့မြေ့ နည်းနည်းလောင်ရမှာလေးပါပါတယ်”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။
အပိုင်း ၂၅ ပိုင်းပါဝင်တဲ့ “ဂေါ်သဇင် ” ဇာတ်လမ်းတွဲကို မနက်ဖြန် မတ်လ ၆ ရက်က စတင်ပြီး အပတ်စဉ် တနင်္လာကနေ သောကြာနေ့တိုင်းမှာ Mahar Application နဲ့ Mahar Movie Channel ထုတ်လွှင့် ပြသမှာဖြစ်ပါတယ်။
