၄.၃.၂၀၂၆
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိလာတဲ့ သရုပ်ဆောင် ဝေလာရီကတော့ ဒရာမာဇာတ်လမ်းပုံစံ “ပြည့်ဝချမ်းသာ” ဇာတ်လမ်းတွဲမှာ ချာလီရဲ့ အိမ်ထောင်ရှင်အမျိုးသမီး မမကြီးပုလဲနေရာက ပါဝင်ထားတယ်လို့ ဆိုပါတယ်။
“ပြည့်ဝချမ်းသာ” ဇာတ်လမ်းတွဲကို ယနေ့ မတ်လ ၄ ရက် ည ၇ နာရီမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ MRTV-4 ရုပ်သံလိုင်းနဲ့ HEY Play Application ၊ HEY Play YouTube Channel တို့မှာပြသမှာ ဖြစ်ပါတယ်။
“ဝေလာက ဒီဇာတ်လမ်းတွဲမှာ ပုလဲဆိုတဲ့ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ဝေလာနဲ့ ကိုချာလီက ဒုတိယမြောက်ဆုံတဲ့ ကားလို့လည်း ပြောလို့ရပါတယ်။ ဝေလာက ဒီကားမှာ ကိုချာလီရဲ့ အိမ်ထောင်ရှင်အမျိုးသမီး မမကြီးနေရာမှာ ပါဝင်ထားပါတယ်။ ဒရာမာ ဇာတ်လမ်းလေးကိုမှ မထင်မှတ်ထားတဲ့ အချိုးအကွေ့လေးတွေလည်းပါပါတယ်။ ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်လေးမို့ အားပေးကြည့်ရှု ဝေဖန်ပေးကြဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဝေလာရီက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ပိုင်စိုးသူမောင်ရေးသားပြီး ဒါရိုက်တာ ဝင့်ဥမ္မာကျော်က ရိုက်ကူးကာ သရုပ်ဆောင်တွေအနေနဲ့ ချာလီ၊ လင်းသစ်အောင်၊ ပိုင်စိုးသူ၊ မင်းသူ၊ ဖူးစုံ၊ ဝေလာရီ၊ အေဏီဇော်၊ အိငုံဖူး၊ ဆွေလင်းထက်၊ အောင်တိုး၊ သိင်္ဂီမြင့်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
