◾️ တစ်ရက်လျှင် စက်သုံးဆီသုံးစွဲမှု ဂါလံ ၃ သန်းကျော်ပမာဏအတွက် ရက် ၄၀ စာ ဓာတ်ဆီဂါလံ သန်း ၆၀ နှင့် ဒီဇယ်ဆီဂါလံ သန်း ၇၀ နီးပါး စုပုံထားပြီးဖြစ်သည့်အပြင် လက်ရှိ ဆီသင်္ဘော ၂ စင်း ဆိုက်ကပ်ထားသလို ဆီသင်္ဘော ၁၄ စင်း မကြာမီ ထပ်မံရောက်ရှိမည်
◾️ စက်သုံးဆီဆိုင်အားလုံးလည်း ဖွင့်လှစ်ပေးထားမည်ဖြစ်သည့်အပြင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များလည်း ထုတ်ပြန်ပေးမည်
Written by Nyein Kyaw
၄. ၃. ၂၀၂၆
စက်သုံးဆီလက်ကျန် မရှိတော့ခြင်းကြောင့် စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခြင်းမဟုတ်ကြောင်းနှင့် စုပုံထားသည့် အရန်စက်သုံးဆီသည်ပင်လျှင် ရက် ၄၀ စာ ရှိ၍ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ရန်မလိုကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“မနေ့ကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိကထုတ်ပြန်ရတဲ့အကြောင်းရင်းကတော့ နံပါတ်(၁) ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီမရှိလို့မဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို့ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို တွက်ဆပြီးတော့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ိဖု့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်း ဂါလံနှင့် ဒီဇယ် ၁ ဒသမ ၇ သန်းဂါလံခန့်ရှိသဖြင့် စုစုပေါင်း တစ်ရက်လျှင် စက်သုံးဆီဂါလံ ၃ ဒသမ ၂ သန်းခန့် သုံးစွဲနေခြင်းဖြစ်သည်။
“အခု ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီဂါလံ သန်း ၆၀ ရှိပြီး စုပုံထားပြီးဖြစ်ပါတယ်။ ဒီဇယ်ဆီဂါလံ သန်း ၇၀ နီးပါး စုပုံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ဆိပ်ကမ်းတွင် လက်ရှိဆီမချရသေးဘဲဆိုက်ကပ်ထားသည့် စက်သုံးဆီသင်္ဘော ၂ စင်း ရောက်ရှိနေပြီး ဝယ်ယူထားပြီး လမ်းခရီးရောက်ရှိနေကာ ရပ်ပိုင်းအတွင်း ဆိုက်ကပ်မည့် စက်သုံးဆီသင်္ဘော ၁၄ စင်းရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် စက်သုံးဆီတင်ပို့ခြင်း ပိတ်သိမ်းလိုက်ကြောင်း ကြေညာပြီးနောက် မသမာသူဝိသမလောဘသမားက ကောလာဟလသတင်းများ ထုတ်လွှင့်နေမှုများအပေါ် စိုးရိမ်စရာမလိုကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီများကို အရှေ့တောင်အာရှနိုင်များအနက် စင်ကာပူနှင့် မလေးရှားနိုင်ငံများကသာ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့သည် ဆီတင်သွင်းတာသည် အရှေ့တောင်အာရှနိုင်ငံတွေထဲက ဆိုရင် စင်ကာပူနဲ့ မလေးရှားကနေ တင်သွင်းနေတာဖြစ်ပါတယ်။ စင်ကာပူတို့ မလေးရှားတို့မှာလည်း ဆီနဲ့ပတ်သက်လာရင် ရေနံချက်စက်ရုံတွေရှိပြီးဖြစ်ပါတယ်။ သူတို့နိုင်ငံတွေအနေနဲ့ကလည်း သူတို့နိုင်ငံ ရေနံချက်စက်ရုံတွေကို ရပ်ပြီးနေမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံက ရေနံတင်သွင်းပြီးတော့ လည်ပတ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့အနေနဲ့က ဒီဟာသည် သူတို့ရဲ့ လှုပ်ရှားရမယ့် စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီ စက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်စရာအကြောင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်နေသည့် ကမ္ဘာ့ဈေးနှုန်းနှင့်အညီ စက်သုံးဆီ ဈေးနှုန်းများ ဖြစ်လာနိုင်စရာရှိနေသည်။ ယင်းအခြေအနေများအတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် လိုက်လံပညာပေးခြင်း၊ အသိပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သလို စက်သုံးဆီဆိုင်များအားလုံး ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ပြည်သူများအနေနဲ့ ယခု ကျွန်တော်တို့သိရှိရပါတယ်၊ စက်သုံးဆီဆိုင်တွေမှာ လှုံ့ဆော်မှုတွေ စိုးရိမ်မှုတွေကြောင့် တန်းစီဝယ်ယူနေတာရှိပါတယ်။ ဆီပြတ်သွားစရာအကြောင်း မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး စနစ်တကျ လိုတဲ့သူက ဝယ်မယ်၊ စနစ်တကျလုပ်ဆောင်သွားကြဖို့ပဲ ပြောလိုပါတယ်။ ဆီနဲ့ပတ်သက်ပြီး စက်သုံးဆီဆိုင်တွေကိုလည်း ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဆီနဲ့ပတ်သက်ပြီး မရောင်းတဲ့ စက်သုံးဆီဆိုင်တွေရှိရင်လည်း စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဖုန်းနံပါတ်တွေနဲ့ ထုတ်ပြန်ပါမယ်၊ တိုင်ကြားနိုင်ပါတယ်။ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်နေမှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “အနှစ်ချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့စက်သုံးဆီ ပုံမှန်သုံးစွဲရင်တောင်မှ ရက် ၄၀ စာ အရန်ရှိပါတယ်။ ဆိပ်ကမ်းမှာ မချရသေးတဲ့သင်္ဘောနှစ်စင်း ရှိပါတယ်။လမ်းမှာ စက်သုံးဆီများ ဝယ်ယူပြီးတော့ တင်ဆောင်ပြီး လာနေတဲ့သင်္ဘော ၁၄ စင်းရှိပါတယ်။ စက်သုံးဆီပြတ်တောက်စရာအကြောင်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။
