၃ .၃. ၂၀၂၆
Written by Thiri
ဖုန်းဆိုင်ကို သေနတ်ပြ ဓားပြတိုက် လုယက်တဲ့ အမှုမှ ကျူးလွန်သူ လူငယ်တွေကို ဖမ်းဆီးရရှိရာကနေ ၎င်းတို့ အုပ်စုဖွဲ့ ကျူးလွန်ထားတဲ့ လုယက် ပစ်ခတ် ဓားပြတိုက်မှုတွေနဲ့ နောက်ထပ်ပြစ်မှုနဲ့ ဆက်စပ်တရားခံတွေကိုပါ ဖမ်းဆီးရမိခဲ့ပြီး တိမ်းရှောင် တရားခံတွေကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန့်မြို့မ ရဲစခန်းက ကြိုးပမ်းနေကြောင်းသိရှိရပါတယ်။
ပါဝင်ကျူးလွန်သူတွေက အသက် နှစ်ဆယ်ဝန်းကျင်နဲ့၊ နှစ်ဆယ်ကျော် လူငယ်တွေဖြစ်ကြပြီး သူတို့ အုပ်စုဖွဲ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ဖုန်းဆိုင်ဓားပြတိုက်လုယက်တာ၊ ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ခတ်ပြီး လုယက်တာတွေအပါအဝင် အဆိုပါ လုယက်လာတဲ့ ရွှေတွေကို ရောင်းချဖျောက်ဖျက်တာ စတဲ့ ပြစ်မှုတွေကို တန့်ယန့်မြို့မရဲစခန်းမှ ရဲစခန်းမှူးဒုရဲမှူးနိုင်လင်းအောင်နဲ့အဖွဲ့က စစ်ဆေးဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
◾ အစဆွဲထုတ်မိတဲ့ ဖြစ်စဉ်
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်မှာ တန့်ယန်းမြို့၊ ရပ်ကွက်(၄)ရှိ၊ ဦးမျိုးချစ် ပိုင်ဆိုင်တဲ့ MC MOBILE ဖုန်းဆိုင်ကို CROWN အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် အမည်မသိ အမျိုးသား (၅)ဦးတို့မှ ဖုန်းဆိုင်အတွင်းကို ဝင်ရောက်လာပြီး သေနတ်အတိုနဲ့ ချိန်ရွယ်ကာ ဖုန်းဆိုင်ကောင်တာအတွင်းရှိ ဖုန်းမျိုးစုံ (၅၃)လုံးနဲ့ မြန်မာငွေရောရာ (၁၀)သိန်းကျပ်တို့အား လုယက်ယူဆောင်သွားတာကြောင့် ဦးမျိုးချစ်မှ တန့်ယန်းမြို့မရဲစခန်းဆီ ၅-၁၁-၂၀၂၅ ရက်နေ့မှာရောက်ရှိလာပြီး တရားလို ပြုလုပ်အမှုဖွင့်တိုင်တန်းခဲ့ရာ တန့်ယန်းမြို့မရဲစခန်းက (ပ)၁၀၅/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ အမှု ရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား မြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်လင်းအောင် မှ စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ချိန်ပါရှိသွားတဲ့ ဖုန်းတွေအနက် တရားလိုကိုင်ဆောင် အသုံးပြုတဲ့ iPhone အမျိုးအစားထဲမှာ ထည့်သွင်းအသုံးပြုတဲ့ APPLE ID ကို ဒုရဲမှူး နိုင်လင်းအောင်မှ တည်နေရာထောက်ကြည့်ရာ တန့်ယန်းမြို့၊ ရပ်ကွက် (၅)၊ ရွှေမောင်းသီလရှင်ကျောင်းရှေ့မှာ ပြသနေတာကြောင့် ပူးပေါင်းအဖွဲ့နဲ့အတူ လိုက်လံဖမ်းဆီးခဲ့ရာ ရပ်ကွက် (၅)ရှိ အနှိပ်ခန်းဝန်းအတွင်း အခင်းဖြစ်စဉ်အသုံးပြုခဲ့တဲ့ SHN–5K/1454 CROWN အဖြူရောင် မော်တော်ယာဉ်နှင့်အတူ တရားခံ အိုက်ကျန်းဖျစ်(ခ) အိုက်ဟန်မိန်း၊ စိုင်းဆိုင်နော်(ခ)စိုင်းဆိုင်ဖုန်းနှင့် အိုက်ဝိုးတို့ (၃)ဦးကို သက်သေခံဖုန်းတွေနဲ့အတူ နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်မှာ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်စဉ် ၎င်းတို့နှင့်အတူ အိုက်ကွမ်(ခ)စိုင်းကွမ်ခမ်းနှင့် စိုင်းအိုက်ဆိုင်(ခ) အိုက်ဆေးပလိတ် တို့ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရတဲ့အတွက် လွတ်မြောက်တရားခံ နှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိနိုင်ရေး ထပ်မံကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဖမ်းဆီးရမိတရားခံ(၃)ဦးအား အခြားအမှုတွေနဲ့ ဆက်စပ်မှု ရှိ/မရှိ အမှုစစ် တန့်ယန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး နိုင်လင်းအောင်မှ အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဖမ်းမိတရားခံ စိုင်းဝိုးလှိုင်(ခ)အိုက်ဝိုးဟာ တန့်ယန်းမြို့မရဲစခန်း(ပ) ၈၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ အမှုမှာလည်း ပြစ်မှုကျူးလွန်သူ ဖြစ်ကြောင်းစစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
◾ ဖမ်းမိတရားခံတွေကိုစစ်ဆေးရာက ဆက်စပ်အမှုပေါ်လာ
အဆိုပါ ပုဒ်မ ၃၀၇ နဲ့ ဖွင့်လှစ်စုံစမ်းနေတဲ့ အမှုက ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်က တန့်ယန်းမြို့၊ ရပ်ကွက် (၉)ရှိ မျိုးလုံရွှေဆိုင်မှ ပိုင်ရှင် (၂)ဦး ဆိုင်မှနေအိမ်သို့ ဆိုင်ကယ်ဖြင့်အပြန် အိမ်ရှေ့အရောက်မှာ သေနတ်ဖြင့် ပစ်ခတ်လုယူရန် ကြိုးစားခဲ့တဲ့ အမှုဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အတွင်း ရွှေဆိုင်ပိုင်ရှင်အမျိုးသားရဲ့ ခြေထောက်ကို သေနတ်ပစ်ခံရတာဖြစ်ပါတယ်။
စိုင်းဝိုးလှိုင်(ခ)အိုက်ဝိုးနှင့်အတူ အဆိုပါအမှုမှာ စိုင်းကွမ်ခမ်း(ခ)အိုက်ကွမ်၊ အိုက်ခေး(ခ) စိုင်းအွန်ခေး၊ စိုင်းလှဝင်း(ခ)အိုက်ဝင်း၊ စိုင်းအောင်ပွင့်(ခ)အိုက်ပွင့်၊ စိုင်းကျော်ထွန်း(ခ)အိုက်စိုင်း နှင့် စိုင်းလျန်းတို့ စုစုပေါင်း (၇)ဦးမှ ပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးသိရှိရပြီး အခင်းဖြစ်စဉ် စိုင်းဝိုးလှိုင် (ခ)အိုက်ဝိုး ကိုင်ဆောင်အသုံးပြုခဲ့တဲ့ ZORAKI 2914-T ငွေရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၃)တောင့်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံတိုးလာတဲ့ တိမ်းရှောင်တရားခံတွေကိုဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ စိုင်းကျော်ထွန်း(ခ)အိုက်စိုင်းနှင့် စိုင်းလှဝင်း(ခ) အိုက်ဝင်း (၂)ဦးအား ရပ်ကွက် (၂)ရှိ နေအိမ်တစ်အိမ်မှာ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ FBI စာတမ်းပါ Glock အမျိုးအစား ကာကီ/အနက်ရောင် ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ .၃၈ ဗို့ကျည် (၄)တောင့် ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကျည် (၄) တောင့်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စိုင်းအောင်ပွင့်(ခ)အိုက်ပွင့်အား ရပ်ကွက် (၄)ရှိ နေအိမ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကျန်တရားခံနှစ်ဦးဖြစ်တဲ့ စိုင်းကွမ်ခမ်း(ခ)အိုက်ကွမ်၊ အိုက်ခေး(ခ) စိုင်းအွန်ခေးတို့နှစ်ဦးကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
◾ ထပ်တိုးဖမ်းမိတရားခံတွေနဲ့ ဆက်စပ်အမှုတွေ ထပ်ပေါ်လာပြန်
အမှုစစ် ဒုရဲမှူး နိုင်လင်းအောင် ဦးစီးအဖွဲ့မှ တန့်ယန်းမြို့မရဲစခန်း(ပ)၈၈/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ အမှုမှ ဖမ်းဆီးရမိတရားခံ စိုင်းဝိုးလှိုင်(ခ)အိုက်ဝိုး၊ စိုင်းလှဝင်း(ခ)အိုက်ဝင်း၊ စိုင်းအောင်ပွင့် (ခ)အိုက်ပွင့်၊ စိုင်းကျော်ထွန်း(ခ)အိုက်စိုင်း တို့(၄)ဦးအား အခြားအမှုများနှင့်ပတ်သက်ပြီး ပြစ်မှု ကျူးလွန်ထားခြင်း ရှိ/မရှိ ထပ်မံ၍ အသေးစိတ် စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားခံ(၄)ဦးအနက် အိုက်ဝိုးရဲ့ ထွက်ဆိုချက်အရ တန့်ယန်းမြို့မရဲစခန်း (ပ)၄၂/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ အမှုမှ ပြစ်မှုကျူးလွန်သူများမှာ တန့်ယန်းမြို့မှ စိုင်းကွမ်ခမ်း (ခ)အိုက်ကွမ်၊ ကာလိမြို့မှ အိုက်ခေး(ခ)စိုင်းအွန်ခေး နဲ့ စိုင်းလျန်း၊ လဲချားမြို့မှ စိုင်းစွမ်ဆိုင် တို့ (၄)ဦး ပါဝင်ကြောင်း စစ်ဆေးသိရှိရသဖြင့် အဆိုပါတရားခံများအား ဖမ်းဆီးရမိရေးအတွက် အခြားရဲစခန်းများ သို့ တရားခံပြေးပုံစံ ပြစ်မှု ၂၈/ရဲ ၆၂ ပုံစံများ ပေးပို့ခြင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို ပူးပေါင်း ဆောင်ရွက်ခဲ့ရာ လဲချားမြို့မရဲစခန်းမှ တရားခံ စိုင်းကွမ်ခမ်း(ခ)အိုက်ကွမ်၊ အိုက်ခေး (ခ)စိုင်းအွန်ခေးတို့ (၂)ဦးအား ဖမ်းဆီးရမိထားကြောင်း အကြောင်းကြားလာသဖြင့် ဒုရဲမှူး နိုင်လင်းအောင် ဦးစီးအဖွဲ့မှ ၂၈-၁-၂၀၂၆ ရက်နေ့တွင် လဲချားမြို့မရဲစခန်းသို့ သွားရောက်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ (၂)ဦးအား အသေးစိတ် စစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ ညနေ ၄ အချိန်ခန့်က တန့်ယန်းမြို့၊ ရပ်ကွက် (၄)ရှိ ရွှေဆိုင် (၁)ဆိုင်မှ ဆိုင်သိမ်းပြီး ရွှေထည်ပစ္စည်းတွေကို ကျောပိုးအိတ်အတွင်းထည့်ကာ လမ်းလျှောက်ပြန်လာတဲ့ လူငယ်တစ်ဦးကို ၎င်းနေအိမ်ရှေ့ အရောက်မှာ သေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေထည် ပစ္စည်းတွေ လုယက် လုယက်ယူဆောင်စဉ် ၎င်းတို့ (၂)ဦးနဲ့အတူ ကာလိမြို့နေ စိုင်းလျန်း၊ တန့်ယန်းမြို့နယ်၊ ဝမ်ပန်ကျေးရွာနေ အိုက်ဝန်း၊ လဲချားမြို့နေ စိုင်းစွမ်ဆိုင်၊ တန့်ယန်းမြို့၊ ရပ်ကွက် (၅)နေ အိုက်ပီလုံနှင့် တန့်ယန်းမြို့နယ်၊ နောင်မိုကျေးရွာနေ အိုက်အွမ်(ခ) စိုင်းထွန်းအောင်တို့ (၅)ဦးအတူ ပါဝင်ခဲ့ကြပြီး ဓားပြတိုက်ကာ ရရှိလာတဲ့ ရွှေထည်ပစ္စည်း လက်စွပ်နှင့်နားကပ်တွေကို စွမ်းဆိုင်နှင့်စိုင်းလျန်းတို့မှ ဦးဆောင်ပြီး ၎င်းတို့ (၇)ဦး ခွဲဝေယူခဲ့ကြ ကြောင်း ထွက်ဆိုခဲ့ကြရာ ၎င်းတို့ခွဲတမ်းရရှိတဲ့ ရွှေထည်တွေကို ပင်လုံမြို့၊ နမ့်စန်မြို့၊ မိုင်းပျဉ်းမြို့၊ ကာလိမြို့နှင့် မိုင်းရှူးမြို့တို့တွင် ထုခွဲရောင်းချထားခဲ့ပြီး ရရှိသည့်ငွေတွေကိုသုံးစွဲပြီးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
◾ သက်သေခံပစ္စည်းတွေ လိုက်လံသိမ်းဆည်း
တာဝန်ရှိသူတွေက ဖမ်းမိတရားခံတွေ ဝန်ခံထွက်ဆိုထားတဲ့ နေရာတွေကနေ ပြီးခဲ့တဲ့ ၂၉-၁-၂၀၂၆ ရက်နေ့က မိုင်းရှူးမြို့၊ ရပ်ကွက်(၃)ရှိ ခမ်းလီရွှေဆိုင်၊ အောင်လေးရွှေဆိုင်၊ ခမ်းဗိုလ်ရွှေဆိုင်နှင့် မြင့်မိုရ်ရွှေဆိုင် တို့မှ စုစုပေါင်း ရွှေအလေးချိန် (၁၃)ကျပ်သား၊(၃)ပဲ၊ (၆)ရွေးအား လည်းကောင်း၊ ၄-၂-၂၀၂၆ ရက်နေ့တွင် ပင်လုံမြို့ရှိ နန်းစွဲရွှေဆိုင်မှ ရွှေအလေးချိန် (၁)ကျပ်၊(၄)ပဲသား၊ ၅-၂-၂၀၂၆ ရက်နေ့တွင် နမ့်စန်မြို့ရှိ လာဗွေ ရွှေဆိုင်မှ ရွှေအလေးချိန် (၁၀)ပဲသား၊ ၆-၂-၂၀၂၆ ရက်နေ့တွင် မိုင်းပျဉ်းမြို့ရှိ ဝါဆိုဦးရွှေဆိုင်မှ ရွှေအလေးချိန် (၁၂)ပဲသားနှင့် ကာလိမြို့ရှိ စိုင်းလျန်းဆိုင် ရွှေဆိုင်မှ ရွှေအလေးချိန်(၄)ပဲသား၊ စုစုပေါင်းရွှေအလေးချိန် (၁၆)ကျပ်သား၊ (၁)ပဲ၊ (၆)ရွေးတို့ကို ပြန် လည် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
◾ ဖမ်းမိတရားခံ ၈ဦးကို ပြစ်မှုပုဒ်မတွေအလိုက် တရားစွဲဆို
တန့်ယန်းမြို့မရဲစခန်း(ပ)၁၀၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ အမှုမှ ဖမ်းဆီးရမိ တရားခံ အိုက်ကျန်းဖျစ်(ခ)အိုက်ဟန်မိန်း၊ စိုင်းဆိုင်နော်(ခ) စိုင်းဆိုင်ဖုန်းနှင့် စိုင်းဝိုးလှိုင်(ခ)အိုက်ဝိုး တို့(၃)ဦးအား ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ၄-၁၂-၂၀၂၅ ရက်နေ့တွင် တန့်ယန်းမြို့မရဲစခန်းရဲ့ စွဲချက်အမှတ်(၁၃၉/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် လည်းကောင်း၊ တန့်ယန်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ထားရှိပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်လိုင်စင်မဲ့ယာဉ်ပိုင်ရှင် တရားခံ အိုက်ကျန်းဖျစ်(ခ)အိုက်ဟန်မိန်း အား ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ အရ ထပ်မံအရေးယူ ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ် ။ ဆက်လက်ပြီး ၂၆-၁-၂၀၂၆ ရက်နေ့တွင် စိုင်းကွမ်ခမ်း(ခ)အိုက်ကွမ်အား ဖမ်းဆီးရမိသဖြင့် တရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး တန့်ယန်းမြို့မ ရဲစခန်း(ပ)၈၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ အမှုမှ ဖမ်းဆီးရမိတရားခံ စိုင်းဝိုးလှိုင်(ခ)အိုက်ဝိုး၊ စိုင်းအောင်ပွင့်(ခ)အိုက်ပွင့်၊ စိုင်းလှဝင်း(ခ)အိုက်ဝင်းနှင့် စိုင်းကျော်ထွန်း(ခ) အိုက်စိုင်း တို့(၄)ဦးအား ၈-၁၂-၂၀၂၅ ရက်နေ့တွင် တန့်ယန်းမြို့မရဲစခန်း၏ စွဲချက်အမှတ် (၁၄၁/ ၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄/၁၀၉ ဖြင့် လည်းကောင်း၊ ဥပဒေ အကြံပြုချက်အရ ၇-၁၂-၂၀၂၅ ရက်နေ့တွင် ထပ်မံ၍ ဥပဒေအကြံပြုချက်အရ လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ ဖြင့် လည်းကောင်း တရားစွဲ တင်ထားရှိပြီး တိမ်းရှောင်တရားခံတွေကိုလည်း ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
◾ တိမ်းရှောင်တရားခံ ၅ဦးကို တရားခံပြေး အဖြစ်ကြေညာဆောင်ရွက်
ပြစ်မှုကနေ တိမ်းရှောင်တရားခံတွေဖြစ်တဲ့ စိုင်းစွမ်ဆိုင်၊ ဆိုင်လျန်း၊ အိုက်ပီလုံ၊ အိုက်ဝန်းနှင့် အိုက်အွမ်(ခ)စိုင်းထွန်းအောင်တို့ (၅)ဦးအား တရားစွဲတင်ခဲ့ပြီး တန့်ယန်းမြို့မရဲစခန်းစွဲချက်အမှတ်(၂၄-က/၂၀၂၆)၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅/ ကျင့် ၅၁၂ ဖြင့် လည်းကောင်း တရားစွဲတင်ပို့ ထားရှိပြီး တရားခံများဖမ်းဆီးရမိရေးအတွက် အခြားရဲစခန်းများသို့ တရားခံပြေးပုံစံ ပြစ်မှု ၂၈/ ရဲ ၆၂ ပုံစံများ ပေးပို့ဆောင်ရွက်ထားရရှိတယ်လို့ သိရပါတယ်။
