၂. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသတို့အမှူးပြုသည့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်ယာယီသမ္မတက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနာယက အဘိဓဇမဟာရဋ္ဌရုရု၊ အဂ္ဂမာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဘိဓဇ မဟာရဋ္ဌဂုရုဘွဲတံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒိယ၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရုဘွဲတံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တပညာဇောတနှင့် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ နာယကာဘိဝံသတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မ၏ဇနီး ဒေါ်ကြူကြူလှက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သမိဒ္ဓေါဒယသီရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ကလျာသိင်္ဂီထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော်ယာယီသမ္မတက အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိသည့် ဦးကျော်စိုးဝင်း(ခ) ဦးခန့်စည်သူ၊ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိကြသည့် ဦးဇော်လတ်နှင့် ဦးတင်မောင်ဝင်းတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းပြီးနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက သီဟသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသူ သူရဦးမြင့်မောင်အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ၏ ဇနီးက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါက်တာ ဌေးဌေးခိုင် ၊ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ညွန့်ယဉ်ဝင်း၊ ဒေါ်သီတာအောင်၊ သီရိသုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်နန်းအေခန့်၊ ဒေါ်ခင်သီတာ၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့ရရှိကြသည့် ဒေါ်စမ်းစမ်းအေး၊ ဒေါ်ဥမ္မာမြင့်၊ ဒေါ်နီလာ၊ ဒေါ်ဝါဝါသင်း၊ ဒေါ်သဉ္ဇာဝင်းစိန်၊ ဒေါက်တာ ဒေါ်နန်းကူးကူ၊ ဒေါ်သီတာလွင် တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ကော်မရှင်ဒုတိယဥက္ကဋ္ဌ၏ ဇနီး ဒေါ်သန်းသန်းနွယ်က သီဟသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်တင်မိုးနွယ်၊ ဒေါက်တာအေးခိုင်ညွန့်၊ ဒေါ်ခင်နှင်းဝေ၊ ဒေါ်မာလာတင့်၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်၊ ဒေါ်ခင်လေးမြင့်၊ ဒေါ်ခင်လှဝင်း၊ ဒေါ်စုညွန့်ဦး၊ ဒေါ်သန်းသန်းအေး၊ ဒေါက်တာနန္ဒာမွှန်းနှင့် ဒေါ်ကြူကြူစိုး တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်နှင့်ဇနီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများနှင့် တက်ရောက်လာကြသူများ၊ အလှူရှင်များက ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။
