၂.၃.၂၀၂၆
Written By Thandar
မသန်စွမ်းသူတွေကို ထိခိုက်နစ်နာစေတဲ့ ပြက်လုံးတွေ၊ တင်ဆက်မှုတွေရှိခဲ့တဲ့အတွက် သဘင်အဖွဲ့တွေ အားလုံးကိုယ်စား ရွှေမင်းသားဖောင်ဒေးရှင်းနဲ့တကွ မသန်စွမ်းလူမှုအသိုင်းအဝိုင်းကို အနူးအညွတ်တောင်းပန်ပါတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ထုတ်ပြန်အသိပေးလာပါတယ်။
“ကျွန်တော်တို့ဘက်က ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပြုမူခဲ့မိတဲ့ တင်ဆက်မှုတွေကြောင့် လူမှုအသိုင်းအဝိုင်းမှာ စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်ခဲ့တဲ့အတွက် ရွှေမင်းသားဖောင်ဒေးရှင်းကိုလည်း ဖုန်းနဲ့ ဆက်သွယ်တောင်းပန်စကားပြောကြားပြီးဖြစ်ပါတယ်။ ဒီ့အပြင် လူကိုယ်တိုင်တွေ့ဆုံပြီး ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်မှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ဥက္ကဋ္ဌ ဖိုးချစ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သဘင်အဖွဲ့တွေအနေနဲ့ နောက်နောင်မှာ တူညီတဲ့အမှားမျိုး ထပ်မံမဖြစ်ပွားဖို့အတွက် အသိပညာပေးခြင်း၊ သတိပေးခြင်းတို့ကို သက်ဆိုင်ရာအဖွဲအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ကတိပြုလာပါတယ်။ မသန်စွမ်းသူတွေသာမက အမျိုးသမီးရေးရာတွေ ကလေးသူငယ်ဆိုင်ရာတွေနဲ့ အခြားလူမှုအသိုင်းအဝိုင်းအတွက် စောင့်ထိန်းလိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကို သဘင်ဖျော်ဖြေတင်ဆက်သူအားလုံး ထိန်းသိမ်းစောင့်ရှောက်ပြီး တင်ဆက်ကြဖို့ အလေးအနက်တိုက်တွန်းပါတယ်လို့လည်း သတိပေးထားတာ ဖြစ်ပါတယ်။
လတ်တလော နာမည်ကြီးလာတဲ့ အောင်ဇဗ္ဗူ ဇာတ်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတစ်ခုမှာ မသန်စွမ်းတွေအပေါ် လှောင်ပြောင်ဖျော်ဖြေတင်ဆက်တွေနဲ့ ပတ်သက်ပြီး မသန်စွမ်းသူတွေအရေး ဆောင်ရွက်နေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်းက ကန့်ကွက်ကာတိုင်ကြားခဲ့တာကို မြန်မာနိုင်ငံသဘင်အစည်းအရုံးက ပြန်လည် ဖြေရှင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
