၃.၃.၂၀၂၆
Written By Thandar
Cloud Seven Production က ရိုက်ကူးတင်ဆက်မယ့် “ခါရာသီ Reality Show” မိတ်ဆက်ကန်တော့ပွဲပေးပွဲကို ယနေ့ မတ်လ ၃ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ရာ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ဟာသဆယ်လီများစွာနဲ့အတူ တမူးထူးခြားစွာဖန်တီးသွားမယ်လို့ သိရပါတယ်။
“ခါရာသီ Reality Show မှာ ဂိမ်းဆော့ရမှာဆိုတော့ တကယ်ကို ပျော်စရာကောင်းမှာပါ။ အကုန်လုံးက ပြိုင်ဘက်တွေအနေနဲ့ ဆော့ရမှာဆိုတော့ အနိုင်မခံ အရှုံးမပေး ကစားသွားမှာပါ။ ဒီဂိမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် အကောင်းဆုံးတော့ ယှဉ်ပြိုင်ကြမှာပါ။ ရှုံးလည်း လက်ခံနိုင်ရမယ်လို့ တွေးထားတယ်။ ခါရာသီ Reality Show မှာ ရင်းနှီးတဲ့သူတွေချည်းပဲ ဆိုပေမယ့်လည်း ဂိမ်းပြိုင်ပွဲဖြစ်တော့လည်း အကောင်းဆုံးတော့၊ အစွမ်းကုန်တော့ ကြိုးစားသွားမှာပါ။ ဘယ်လိုထူးခြားမှုတွေ ပါဝင်မလဲဆိုတာတော့ မကြာခင်ရိုက်ကူးတင်ဆက်ပြီးရင် အားလုံးလည်း သိရမှာပါ။ မထင်မှတ်ထားတဲ့ ပုံစံလေးတွေလို့လည်း ထင်ပါတယ်” လို့ ဆယ်လီဖာစီက ပြောပါတယ်။
အဆိုပါ မိတ်ဆက်ကန်တော့ပေးပွဲကို Cloud Seven ကမွေးထုတ်ထားတဲ့ အနုပညာရှင်များစွာနဲ့ Reality Show မှာ ပါဝင်ကြမယ့် မေအိ၊ ဖာစီ၊ ဆူး၊ အောင်ရဲကျော်၊ သွေးသစ်လင်း၊ မဲမဲခေါခေါ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။ မကြာခင်ကျရောက်မယ့် မဟာသင်္ကြန်ကာလအတွက် “တန်ခူးလ Edition” ဇာတ်လမ်းတွဲကိုလည်း တစ်ပါတည်း ရိုက်ကူးတင်ဆက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ခါရာသီ Reality Showဆိုတဲ့အတိုင်းပဲ ဘာတစ်ခုမှကို ပေးမသိထားဘူး။ တော်တော်တော့ Surprise တော့ဖြစ်မှာပါ။ တကယ်ဆော့ရမယ်ဆိုရင်တော့ ကိုယ့်ဘက်က မရှုံးအောင် အကောင်းဆုံး ကြိုးစားပြီး ဆော့သွားမှာပါ။ ကိုယ့်နဲ့ရင်းနှီးသူတွေလည်းပါသလို တစ်ခါမှမတွေ့ဖူးသေးတဲ့သူတွေလည်း ပါဝင်တာမို့ စိတ်လှုပ်ရှားပါတယ်။ သင်္ကြန်မတိုင်ခင်ကြည့်ရှုရမှာမို့လည်း ပရိသတ်တွေလည်း ထွက်လာရင် စောင့်ကြည့်အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ လူသိများသူ အောင်ရဲကျော်က ပြောပါတယ်။
Reality Show ကို ဒါရိုက်တာ ZILLI က ရိုက်ကူးပြီး သရုပ်ဆောင် စွမ်းထက်အောင်က တင်ဆက်မှာဖြစ်ကာ ဆယ်လီတွေဖြစ်ကြတဲ့ မေအိ၊ ဖာစီ၊ ဆူး၊ အောင်ရဲကျော်၊ သွေးသစ်လင်း၊ မဲမဲခေါခေါနဲ့ Cloud Seven က အနုပညာရှင်များစွာ ပါဝင်မှာလည်းဖြစ်ပါတယ်။
