◾ El Mencho ၏ CJNG အဖွဲ့က မက္ကဆီကိုအစိုးရကို စစ်ကြေညာထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုများပြားနေ
သတိုး
၂၃. ၂. ၂၀၂၆
မက္ကဆီကိုအစိုးရသည် နိုင်ငံ၏ အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သည့် “Jalisco New Generation Cartel” (CJNG) ဂိုဏ်းကို နှစ်ရှည်လများ ဦးဆောင်ခဲ့သူ Nemesio Oseguera Cervantes ခေါ် El Mencho ကို သုတ်သင်လိုက်ပြီဖြစ်သည်။
မက္ကဆီကိုနိုင်ငံ၏ အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်သည် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) က ၎င်းအား ဖမ်းဆီးရန် အစိုးရ၏ စစ်ဆင်ရေးတစ်ခုအပြီးတွင် အသတ်ခံခဲ့ရကာ ၎င်းဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။
”El Mencho” ဟု လူသိများသည့် Nemesio Oseguera Cervantes သည် မက္ကဆီကို၏ သြဇာအရှိဆုံးဂိုဏ်းတစ်ခုဖြစ်သော Jalisco New Generation Cartel ကို ကာလရှည်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံ၏ အကြမ်းဖက်မှုအရှိဆုံး ရာဇဝတ်မှုနယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။
မက္ကဆီကို အနောက်ဘက်ကမ်းရိုးတန်းရှိ ၎င်း၏ဂိုဏ်းအခြေစိုက်ရာ Jalisco ပြည်နယ်၊ လူဦးရေ ၂၀,၀၀၀ ခန့်ရှိသော Tapalpa မြို့တွင် လုံခြုံရေးတပ်ဖွဲ့များ ဦးဆောင်သည့် “Operation Tapalpa” (တပါလ်ပါ စစ်ဆင်ရေး)အတွင်း El Mencho သည် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် မြို့တော် မက္ကဆီကိုစီးတီးသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။
El Mencho နှင့်အတူ CJNG ဂိုဏ်းဝင် ၃ ဦးလည်း သေဆုံးခဲ့သည်။ ဤသုတ်သင်မှုကို အမေရိကန်၏ Northern Command (NORTHCOM) နှင့် မက္ကဆီကို စစ်တပ်တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Joint Task Force က နောက်ကွယ်မှ အဓိက ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ ဤစစ်ဆင်ရေးသည် အမေရိကန်ထံမှ ရရှိသော အရေးကြီးသည့် ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အကြီးမားဆုံး အောင်ပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။
◾ CJNG ဆိုသည်မှာ အဘယ်နည်း
အင်္ဂလိပ်လို Jalisco New Generation Cartel ဟု စာလုံးပေါင်းသော်လည်း မက္ကဆီကို၏ မူရင်းစပိန်ဘာသာစကားအရ Cartel de Jalisco Nueva Generación ဟု အမည်ရသည့် CJNG ဂိုဏ်းသည် ၂၀၀၉ ခုနှစ်ဝန်းကျင်က မက္ကဆီကို၏ အင်အားကြီး ဆိုင်နလိုအာ (Sinaloa) မူးယစ်ဂိုဏ်းမှ ခွဲထွက်လာသည့်အဖွဲ့ဖြစ်ပြီး နောက်ပိုင်းတွင် မက္ကဆီကို၏ ထိပ်တန်းမူးယစ်ဆေးဝါး ရောင်းဝယ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။ CJNG သည် မက္ကဆီကိုပြည်နယ် အတော်များများတွင် ပြိုင်ဘက်ဂိုဏ်းများကို တိုက်ခိုက်ရင်း ကိုကင်း၊ မက်သဖက်တမင်း (အိုက်စ်) နှင့် မကြာသေးမီနှစ်များအတွင်း ဖန်တနိုင်းလ် (Fentanyl) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါးများကို အမေရိကန်နှင့် အခြားနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။
CJNG ဂိုဏ်းသည် ယမန်နှစ်အထိ ဆိုင်နလိုအာဂိုဏ်း၏ အဓိကပြိုင်ဘက် ဖြစ်ခဲ့သည်။ အဖွဲ့ကို တည်ထောင်ပြီး ဦးဆောင်ခဲ့သူ El Mencho သည် ၎င်း၏ အမာခံနယ်မြေများဖြစ်သော Jalisco၊ Nayarit နှင့် Colima ပြည်နယ်များအပြင် အခြားဒေသရှိ ဒေသခံဂိုဏ်းငယ်များနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် ၎င်း၏အင်အားကို ချဲ့ထွင်နိုင်ခဲ့သည်။
အသက် ၅၉ နှစ်အရွယ် El Mencho သည် အမေရိကန်တွင် နှစ်စဉ် လူသောင်းနှင့်ချီ သေဆုံးစေသည့် အမေရိကန်အကြောက်ဆုံး ဖန်တနိုင်းလ် (Fentanyl) ဓာတုမူးယစ်ဆေးဝါးများကို အဓိကတင်ပို့နေသူဖြစ်သည်။
အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ အဖွဲ့ဝင် ၁၅,၀၀၀ မှ ၂၀,၀၀၀ ခန့်ရှိသော CJNG အဖွဲ့သည် နှစ်စဉ် ဒေါ်လာ ဘီလျံနှင့်ချီသော ဝင်ငွေများ ရရှိနေသည်ဟု ယူဆရသည်။ ၎င်းတို့၏ ရာဇဝတ်မှုများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ဆက်ကြေးကောက်မှု၊ လောင်စာဆီ ခိုးယူမှု၊ လူပေးပြန်ပေးဆွဲမှု၊ တရားမဝင် သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ရေး၊ လူမှောင်ခိုကူးမှုတို့ ပါဝင်သည်။
CJNG သည် အကျိုးတူပူးပေါင်းဆောင်ရွက်မှု ရရှိရန်နှင့် ပြိုင်ဘက်များကို ခြောက်လှန့်ရန် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများကို အသုံးပြုသည်။ ၎င်းတို့သည် လူမြင်ကွင်းတွင် သတ်ဖြတ်မှုများပြုလုပ်ကာ အလောင်းများကို ပြသထားလေ့ရှိပြီး အဆိုပါ အကြမ်းဖက်မှုများကို လူမှုကွန်ရက်ပေါ်တွင် မကြာခဏ ထုတ်လွှင့်လေ့ရှိသည်။ ထို့အပြင် မက္ကဆီကို နိုင်ငံရေးသမားများ၊ တရားသူကြီးများနှင့် ဥပဒေစိုးမိုးရေး အရာရှိများကိုလည်း တိုက်ခိုက်ခြင်း၊ လုပ်ကြံခြင်းများ ပြုလုပ်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဤဂိုဏ်းကို ယမန်နှစ်တွင် ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။
◾ El Mencho ဆိုသည်မှာ မည်သူနည်း
”El Mencho” ဆိုသည်မှာ Mr. Oseguera ၏ အမည်ရင်းဖြစ်သော Nemesio ဆိုသည့် အမည်ရှိသူများကို အများအားဖြင့် ခေါ်ဆိုလေ့ရှိသော အမည်ပြောင်ဖြစ်သည်။
၁၉၆၆ ခုနှစ်တွင် မက္ကဆီကိုရှိ ဆင်းရဲသော လယ်သမားမိသားစုမှ မွေးဖွားခဲ့ပြီး ဆယ်ကျော်သက်အရွယ်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနေရာတွင် လူငယ်ဘဝ၌ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် နှစ်ကြိမ်တိုင်တိုင် တရားစွဲဆိုခံခဲ့ရသည်။ ဒုတိယအကြိမ် အဖမ်းခံရပြီးနောက် မက္ကဆီကိုသို့ ပြန်ရောက်လာချိန်တွင် ရဲအရာရှိအဖြစ် ခဏတာ လုပ်ကိုင်ခဲ့သည်ဟု ဆိုကြသည်။
၁၉၉၆ ခုနှစ်တွင် သြဇာကြီးသော ဂိုဏ်းခေါင်းဆောင် Armando Valencia ၏ တူမဖြစ်သူ Rosalinda González Valencia နှင့် လက်ထပ်ခဲ့သည်။ El Mencho သည် နောက်ပိုင်းတွင် ဆိုင်နလိုအာ ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီးနောက် ခွဲထွက်ဂိုဏ်းတစ်ခုကို ဦးဆောင်ကာ CJNG ဂိုဏ်းကို တည်ထောင်ခဲ့သည်။
၎င်း၏ ဂိုဏ်းအင်အား လျင်မြန်စွာ ကြီးထွားလာသည်နှင့်အမျှ ၎င်းသည် လုံခြုံရေးတပ်ဖွဲ့များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခြင်းနှင့် တစ်နိုင်ငံလုံးရှိ လူထုကို ထိတ်လန့်တုန်လှုပ်စေခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအား ဖမ်းဆီးနိုင်မည့် သတင်းပေးသူအတွက် ဒေါ်လာ ၁၅ သန်း ဆုကြေးငွေ ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် ထရမ့်အစိုးရလက်ထက်တွင် မက္ကဆီကိုဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ယူခဲ့သူ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Christopher Landau က El Mencho သေဆုံးမှုကို ကြိုဆိုခဲ့သည်။ El Mencho သည် “သွေးအဆာဆုံးနှင့် အယုတ်မာဆုံးသော မူးယစ်ရာဇာများထဲမှ တစ်ဦးဖြစ်သည်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
◾ မက္ကဆီကိုတွင် မည်သို့သော တုံ့ပြန်မှုများ ရှိခဲ့သနည်း
El Mencho အသတ်ခံရမှုသည် မက္ကဆီကိုတစ်ဝှမ်းတွင် လျင်မြန်သော အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
El Mencho ၏ CJNG အဖွဲ့က အစိုးရကို စစ်ကြေညာခဲ့သလို လမ်းမများထက် တိုက်ပွဲများဖြစ်ပွားနေပြီး မက္ကဆီကိုအစိုးရ လုံခြုံရေးတပ်ဖွဲ့များလည်း ကျဆုံးမှုအများအပြားရှိနေသည်။ နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များတွင် လက်နက်ကိုင်အဖွဲ့များက လမ်းများကို ပိတ်ဆို့ခဲ့ကြပြီး စူပါမားကတ်များ၊ ဘဏ်များနှင့် မော်တော်ယာဉ်များကို မီးရှို့ခဲ့ကြသည်။ ၎င်းသည် နိုင်ငံ၏ မကြာသေးမီက သမိုင်းတစ်လျှောက်တွင် အကျယ်ပြန့်ဆုံး ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
Jalisco ပြည်နယ်အစိုးရက အချို့ဒေသများတွင် အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့ပြီး ဟိုတယ်များအနေဖြင့် ဧည့်သည်များကို အပြင်မထွက်ရန် အသိပေးထားရန် သတိပေးခဲ့သည်။ Nayarit ပြည်နယ်က တနင်္လာနေ့တွင် ကျောင်းများ ပိတ်ထားခဲ့သည်။
အမေရိကန်အစိုးရက Jalisco၊ Tamaulipas၊ Michoacán၊ Guerrero နှင့် Nuevo León ပြည်နယ် ၅ ခုရှိ ဒေသအချို့ရှိ အမေရိကန်နိုင်ငံသားများအား “နောက်ထပ် အသိပေးချက်မရမချင်း ဘေးကင်းရာတွင်သာ နေထိုင်ကြရန်” သတိပေးခဲ့သည်။
ထို့အတူ လေကြောင်းလိုင်းများက ခရီးသွားလာရေး သတိပေးချက်များ ထုတ်ပြန်ခြင်း သို့မဟုတ် ခရီးစဉ်များ ရပ်ဆိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်မှုအများစုမှာ လူဦးရေ ၁ ဒသမ ၄ သန်းရှိပြီး ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် အိမ်ရှင်မြို့တစ်မြို့ဖြစ်သော Jalisco ပြည်နယ်၏ မြို့တော် Guadalajara တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
◾ နောက်ထပ် ဘာတွေဖြစ်လာနိုင်သလဲ
သမ္မတ Claudia Sheinbaum လက်ထက်တွင် မက္ကဆီကိုအစိုးရသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မူးယစ်ဂိုဏ်းများအပေါ် အပြင်းထန်ဆုံး ထိုးစစ်ကို ဆင်နွှဲနေပြီဖြစ်သည်။
El Mencho သေဆုံးမှုသည် မက္ကဆီကိုအစိုးရအတွက် ကြီးမားသော အောင်ပွဲတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေသော သမ္မတ ထရမ့်ပ်၏ ဖိအားများကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။
သို့သော်လည်း မက္ကဆီကိုရှိ ရာဇဝတ်မှု အင်ပါယာများသည် အာဏာပိုင်များ၏ အမြစ်ပြတ်ချေမှုန်းရေး ကြိုးပမ်းမှုများကို ကျော်လွန်ရှင်သန်နိုင်သည့် သမိုင်းကြောင်းများရှိခဲ့သည်။ အချို့သော လုံခြုံရေးလေ့လာသူများက မူးယစ်ဂိုဏ်းများသည် အမြစ်ပြတ်သုတ်သင်ရန် မလွယ်ကူဘဲ အလွန်အင်အားကြီးမား၊ ချမ်းသာပြီး အမြစ်တွယ်နေပြီဖြစ်ကြောင်း ပြောဆိုကြသည်။ ဥပမာအားဖြင့် အစိုးရက ဆိုင်နလိုအာဂိုဏ်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်နိုင်ခဲ့သော်လည်း CJNG ဂိုဏ်းက ပိုမိုအင်အားကြီးထွားလာခဲ့ခြင်းမျိုး ဖြစ်သည်။
ယခုအခါ El Mencho အသတ်ခံရမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများအရ အဆိုပါ CJNG အဖွဲ့သစ်သည် အခက်အခဲနှင့် ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းရသည်။
မငြိမ်မသက်မှုများ မည်မျှအထိ ပျံ့နှံ့သွားမည်ဆိုသည်မှာ ဂိုဏ်းကို ဆက်လက်ထိန်းချုပ်နိုင်မည့် ရှင်းလင်းသော ဆက်ခံသူခေါင်းဆောင်မှု ရှိ၊ မရှိပေါ်တွင် မူတည်နေသည်။ အကယ်၍ မရှိပါက El Mencho သေဆုံးမှုသည် CJNG ဂိုဏ်းအတွင်း အကွဲအပြဲများနှင့် သွေးထွက်သံယိုမှု အသစ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း Brookings Institution မှ ကျွမ်းကျင်သူ Vanda Felbab-Brown က သုံးသပ်ထားသည်။
Ref: The New York Times & Axio
