၂၂.၂.၂၀၂၆
Written By Min Thet
AA အဖွဲ့ဝင်စစ်သားတစ်ယောက်က စခန်းတွေကိုရောက်လာတဲ့ စစ်မှုထမ်းရခိုင်အမျိုးသမီးငယ် ၅ ယောက်ကို ခြေတော်တင်၊ သားမယားအဖြစ်နေထိုင်နိုင်ပါတယ်တဲ့။
ဒီအခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ အသက် ၃၀ အရွယ် ကိုခိုင်မြတ်သူ(နာမည်လွှဲ) ရဲ့ အိမ်အပြန်ခရီးဟာ နာကျင်ခံစားမှုတွေ၊ ယူကျုံးမရမှုတွေ အပြည့်နဲ့ အခုချိန်ထိရင်ကွဲနာ ကျသလို ခံစားနေရတုန်း ဖြစ်တယ်လို့ ကိုခိုင်မြတ်သူရဲ့ မိသားစုဝင် စစ်ရှောင်တစ်ဦးက သူ သိသမျှကို ပြန်လည်ဖောက်သယ်ချ ပြောပြပါတယ်။
“ကိုယ့်ဒေသကနေ တစ်နေရာရာကို အမြန်ဆုံး သွားနိုင်ရင် အကောင်းဆုံး။ နောက်ဆိုရင် ဒီထက် ဆိုးလာ မယ်။ အခုက စစ်မှုထမ်းဖို့ ခေါ်တာ ကောင်လေးတွေ၊ကောင်မလေးတွေ အားလုံးကို ခေါ်နေတာ။ ကျွန်တော် ပြောချင်တာက နောက်ဆုံးအဆင့်အနေနဲ့ စစ်မှုထမ်း ခေါ်လို့ မလွတ်နိုင်တော့ဘူးဆိုရင်တောင် အမျိုးသမီး လေးတွေကို မပါ ပါစေနဲ့ ခင်ဗျာ။ ကြောက်စရာကောင်းပါတယ်လို့ ပြောပါတယ်။ AA ကောင်တွေဟာ စစ်မှုထမ်းဖို့ ခေါ် လာတဲ့ ရခိုင်အမျိုးသမီးလေးတွေကို ခြေတော်တင်၊ သားမယားပြုကျင့်နေတာဖြစ်ပါတယ်တဲ့။ အဆိုးဆုံးက သန္ဓေတားဆေးတွေ ထိုးပေးပြီး AA ကောင် တစ်ကောင်က ရခိုင် အမျိုးသမီး ၅ ယောက်ကို သားမယားအဖြစ် နေထိုင်လို့ ရတယ်ဆိုပြီးတော့ သူတို့ ရဲ့ AA စစ်သားအကြီးအကဲတွေက မူ ချမှတ်ထားတာ ဖြစ်လို့ပါတဲ့။ တိတ်တဆိတ် ထုတ်ပြန်ထားတဲ့ ပါးစပ် ဥပဒေလို့ပဲ ပြောရမှာပေါ့ဗျာ။ ကျွန်တော်တို့ အခုအချိန်မှာ စစ်တပ်ကို မလိုလားတဲ့အတွက် နာကျဉ်းမုန်းတီးစိတ်နဲ့ ကိုယ့်ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ကို ရရမယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြပေမဲ့ နောက်ဆုံးမှာ ရလိုက်တာကတော့ ကျွန်တော်တို့ရဲ့ ရခိုင်အမျိုးသမီးလေးတွေ အညွန့်ကျိုးပြီး ရေတိမ်နစ်ရတဲ့ အခြေအနေ ဖြစ်သွားရတာပါပဲ ခင်ဗျာ။ ဒါကြောင့် အမြန်ဆုံး သွားကြပါ။ ကိုယ့်နေရာ၊ ကိုယ့်ဒေသကို ထားခဲ့ကြပါတော့”လို့ AA အဖွဲ့ထဲမှာ စစ်မှုထမ်းပြီး ကျန်းမာရေးမကောင်းဖြစ်နေတဲ့အတွက် နေအိမ်ပြန်လာတဲ့ AA တပ်ဖွဲ့ဝင် ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သူက MT News ကို ပြောပြတာပါ။
AA က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလလောက် ကတည်းက စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ရခိုင်ပြည်နယ်ရဲ့ ပြင်ပဒေသ ထွက်ခွာခွင့် ပိတ်ပင်တဲ့အကြောင်း AA က ထုတ်ပြန်ခဲ့ပါတယ်။
AA ဟာ လူငယ်တွေအနေနဲ့ ရခိုင်ပြည်နယ် ပြင်ပဒေသတွေကို သွားရောက်ဖို့ နေရပ်စွန့်ခွာတာဟာ ကျိုးကြောင်း ဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်နဲ့ သွားနေကြတာဖြစ်တယ်လို့ သွားလာခွင့်ပိတ်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ဒါပေမဲ့ တကယ်တမ်းတော့ AA ရဲ့ ပိတ်ပင်မှုကသာ ကျိုးကြောင်းစီလျော်မှုမရှိဘဲ လူငယ်တွေကို အညွန့်ချိုးခဲ့တာပါ။
“ကျိုးကြောင်းဆီလျော်မှု မရှိတာက သူတို့ (AA)လေ။ ရခိုင်ပြည်နယ် နေရာဒေသအနှံ့ ရှိနေတဲ့ ကျောင်းသား တွေဘ၀ အညွန့်တုံးနေကြရပြီ။ တက္ကသိုလ် ဆက်တက်မယ့်သူတွေ၊ တက္ကသိုလ်ဝင်တန်း ဆက်တက်ရမယ့်သူတွေ။ ဒါတွေကို သူတို့(AA) က ဘယ်လို အာမခံချက်ပေးနေလို့လဲ။ ဘာမှ မရေရာဘူးလေ။ ကျွန်တော်တို့ ကိုယ်တိုင် AA ကို ထောက်ခံခဲ့ပါတယ်။ အခု နှစ်တွေ ကြာလာခဲ့ပြီ။ ဘယ်လောက်ထိ ကြာမလဲ မသိနိုင်တဲ့ ဒီစစ်ပွဲတွေကို မစောင့်နိုင်ဘူး။ချက်ချင်း ငြိမ်းချမ်းနိုင်မလား။ ကျွန်တော်တို့က အခု လက်တွေ့မြင်ရတယ်။လက်တွေ့ကြားရတယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုသလိုပေါ့။ ဒါကြောင့် AA ကို ထောက်ခံဖို့ အဆင်မပြေတော့တဲ့ အနေအထားကိုရောက်နေတာဖြစ်လို့ လူငယ်တွေကို လွတ်ရာကျွတ်ရာ ရှောင်ပြေးကြဖို့ ကျွန်တော်က ဆော်သြနေပါတယ်”လို့ ရခိုင်ပြည်နယ် တောင်ပိုင်းက ပဲခူးတိုင်းဒေသကြီး အတွင်း စစ်ရှောင်နေသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ လလယ်ကာလတုန်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊သူဌေးချောင်းတိုက်နယ်ထဲမှာ နေထိုင်ကြတဲ့ လူငယ် အမျိုးသား အမျိုးသမီးတွေဟာ ရန်ကုန်ကို ထွက်လာခဲ့ကြပါတယ်။
သူတို့ထဲမှာ ကျောင်းတက်မယ့်သူတွေ၊ နိုင်ငံခြားကိုထွက်ပြီး အလုပ်သွားလုပ်မယ့်သူတွေနဲ့ ရန်ကုန်က ဆွေမျိုးတွေအိမ်မှာ နေထိုင်ပြီးမှ အလုပ်ရှာလုပ်ကိုင်မယ့်သူတွေ ပါဝင်ခဲ့ကြတာပါ။
သူတို့တွေဟာ တောင်ကုတ်မြို့နယ်ကို ကျော်ပြီး အမ်းမြို့နယ်၊ မအီမြို့နယ်အတွင်းက မကွေးတိုင်းဒေသကြီးကို ထွက်နိုင်တဲ့တောလမ်းတွေအတိုင်း ရန်ကုန်ကို ရောက်အောင်လာဖို့ ရည်ရွယ်ချက်ကိုယ်စီနဲ့ ဖြစ်ပါတယ်။
AA က အဓမ္မ ခေါ်နေတဲ့ စစ်မှုထမ်း ဘေးရန်က ကင်းဝေးရေး ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့လည်း ထွက်ခွာလာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘဲ ကံဆိုးခဲ့ကြပါတယ်။
“ရန်ကုန်ကို သူတို့ ထွက်လာတာ ရက်ပေါင်း ၂၀ လောက်က အမ်းနဲ့ မအီကြားမှာ တောထဲမှာ ပုန်းနေကြရတာတဲ့။ ထွက်လို့ မရနိုင်တော့တာ။ ပွဲစားကလည်း မပို့ရဲဘဲ ဖြစ်နေတာပေါ့။ ရခိုင်ကနေ ရန်ကုန်ကို မကွေးဘက်က ပတ်ပြီးထွက်မယ့် လူတစ်ယောက်ကို ၁၅ သိန်း လောက် ကုန်တယ်။ ဒီ အမ်း-မင်းဘူးလမ်းကပဲ။ လမ်းတူပေမဲ့ အခြေအနေမတူရင် တစ်ယောက်နဲ့ တစ်ယောက် ငွေကုန်တာ မတူပြန်ဘူး။ ဒါပေမဲ့ တချို့နေရာတွေကဆိုရင် သိန်း ၃၀ လောက် ကုန်တာလည်း ရှိတယ်။ တချို့ဆိုရင် ၇ သိန်းလောက်နဲ့လည်း ရန်ကုန်ကို ရောက်သွားတာ ရှိတယ်။ AA တွေက လုံး၀ကို မသွားရဘူးဆိုတာ တားမြစ်တာ။ ပွဲစားကလည်း လူငယ်တွေကို AA တွေ့မှာ ကြောက်လို့ ပုန်းခိုပြီး တောထဲမှာ ထားရတာတဲ့။နောက် ဆုံးတော့ စားစရာသောက်စရာမရှိ ဖြစ်လာတော့ အဲဒီကနေ နောက်ပြန်ဆုတ်ကြတာပေါ့။ ကိုယ့်နေရာပဲ ကိုယ် ပြန်ကြမယ်ဆိုပြီး။ အဲဒီလိုပြန်ကြတော့ တောင်ကုတ်မှာ ကောင်လေး နှစ်ယောက်ကို ဖမ်းခေါ်ထားလိုက်တယ်လို့ပဲ သိလိုက်ရတော့တယ်။တချို့ ကောင်မလေးတွေဆိုရင် စိတ်ဓာတ်ကျနေကြတယ်။”လို့ ရန်ကုန်မှာ စစ်ရှောင်နေတဲ့ သံတွဲဒေသခံက MT News ကို ပြောပြပါတယ်။
AA အကြမ်းဖက်အဖွဲ့က အမျိုးသား အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား၊ အမျိုးသမီး အသက် ၁၈ နှစ်နဲ့ ၂၅ နှစ် ကြား အရွယ်ရှိသူတွေကို ဘယ်ဒေသကိုမှ သွားလာခွင့် မပြုဘူးလို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
“သူတို့(AA) က ကုန်းလမ်း၊ ရေလမ်းတွေကနေ အခကြေးငွေယူပြီး ပို့နေသူတွေကိုလည်း တားမြစ်ထားတာပေါ့။ အခုကတော့လေ။ ကျန်းမာရေးကြောင့် သွားမယ်ဆိုရင်တောင် ထောက်ခံစာယူရတယ်။ နောက်ပြီး တစ်ယောက်ယောက်က ထောက်ခံပေးရတယ်။ အဲဒါပြီး သွားခွင့်ရတယ်ပဲ ထားပါတော့။ ဒါပေမဲ့ သွားတဲ့သူတွေက နေရပ်ကို ပြန်မလာတော့ဘူးဆိုရင် ထောက်ခံပေးတဲ့သူရဲ့ ပိုင်ဆိုင်မှုအားလုံးကို AA က သိမ်းလိုက်ပါ တယ်။ အိမ်တွေကို ချိပ်ပိတ်တာမျိုးပေါ့”လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ နေပေမဲ့ ကိုယ့်အိမ်မှာ ကိုယ်မနေရဘဲ စစ်ရှောင်နေရတဲ့ သူတွေကတော့ အလုပ်အကိုင် ရှားပါးတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ပြီး တောင်းစားနေရတဲ့ အခြေအနေထိ ရောက်လာနေကြပြီလို့လည်း သိရပါတယ်။
စစ်ရှောင်စခန်းတွေမှာနေသူတွေအတွက် အလှူငွေမရရှိတဲ့အတွက် အငတ်ဘေး ရောက်နေကြရတယ်လို့ စစ်ရှောင်စခန်းတစ်ခုမှာ သွားရောက်ကူညီခဲ့သူက ပြောပြပါတယ်။ စစ်ရှောင်စခန်းတွေမှာ လူဦးရေ ထောင် ဂဏန်းထိ ရှိနေတဲ့အတွက်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးအပါအဝင် ကျန်းမာရေးကိစ္စတွေအတွက်လည်း လိုအပ်ချက် ရာနှုန်းပြည့်လိုအပ်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းက ကျေးရွာတွေမှာ တံငါလုပ်ငန်းနဲ့ အသက်မွေးကြပေမဲ့ AA က စစ်မှုထမ်း ခေါ်နေတာကြောင့် တံငါ လုပ်ကိုင်တဲ့ အမျိုးသားတွေ အလုပ်မလုပ်နိုင်ဘဲ ရှောင်တိမ်းနေရတာကြောင့် ကျန်တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး ရှင်သန်မှု အခက်အခဲ ဖြစ်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူ ရှစ်သိန်း နီးပါး ရှိတယ်လို့ ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ပြန်ထားတာမှာ ဖော်ပြထားပါတယ်။
AA အဖွဲ့က မူးယစ်ဆေးကို ပင်လယ်ထွက်ပေါက်က အဓိက လုပ်နေတာ ဖြစ်တယ်လို့ ထောက်လှမ်းရရှိတဲ့ အချက်တွေအပေါ် အခြေခံပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး ဖမ်းမိခဲ့တဲ့ ရှမ်းမြောက် သီပေါ၊ မိုင်း ရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖြစ်စဉ်တွေ နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချက်ဟာ မှန်ကန်တယ်လို့လည်း သိရပြီး လက်ရှိမှာ AA ဟာ စစ်မှုထမ်းရခိုင်လူငယ်တွေကို နေ့စဥ်မူးယစ်ဆေးသုံးလုံးကျွေးပြီး အသေခံစစ်တိုက်ခိုင်းနေပါတယ်။
“AA က လေ စစ်မှုထမ်းတဲ့ သူတွေကို ပန်းရောင် ဆေးလုံးလေးတွေ တစ်နေ့ကို တစ်လုံးကနေ သုံးလုံးထိ တိုက်တယ်။ အဲဒီပန်းရောင်လေးတွေကို BPI က ထုတ်တဲ့ BPI ဘားဘလက် အားဆေး (BPI Burplex) ထည့်တဲ့ ဆေးဘူး အရွယ်အစား ပုံစံနဲ့ ထည့် ထားတာ။ WY မူးယစ်ဆေးတွေပေါ့ဗျာ။ ကျွန်တော်က ကြောက်လို့ အဲဒီ တုန်းကပဲ ပြည်ကို ထွက်လာခဲ့တာ”လို့ AA အဖွဲ့တွေနဲ့ ရင်းနှီးခင်မင်ခဲ့ဖူးတဲ့ ရခိုင်လူငယ်က ပြောပြခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ရခိုင်လူငယ်တွေဟာ စစ်ဘုရင်ရူးရူးနေတဲ့ AA နဲ့ ထွန်းမြတ်နိုင်ကို ယုံကြည်ကိုးကွယ်မိတဲ့အမှားကို လည်စင်းခံနေရပြီး အမျိုးသားလူငယ်တွေဟာ AA ရဲ့ စစ်မှုထမ်းအဖြစ်နဲ့ မူးယစ်ဆေးသားကောင်ဘဝရောက်နေကြပြီဖြစ်ပြီး အမျိုးသမီးငယ်တွေကတော့ AA ရဲ့ လိင်ကျွန်အဖြစ်နဲ့ စျေးချိုတဲ့ပြည့်တန်ဆာတွေဘဝ ကူးပြောင်းနေကြရပါတယ်။ ဒါတွေဟာ AA ကိုထောက်ခံမိတဲ့ ရခိုင်လူမျိုးစုတွေ ဒိဋ္ဌဓမ္မကြုံတွေ့နေရတဲ့ဖြစ်ရပ်ဆိုးတွေပါ။ ဒီဖြစ်ရပ်ဆိုးတွေဟာ နောက်ဆယ်စုနှစ်များစွာ ကြုံနေရမလားဆိုတဲ့ အိပ်မက်ဆိုးတွေကြားမှာ ရခိုင်ပြည်သူလူထုဟာ ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်တော့သလို အသံထွက်လည်း မပြောရဲတဲ့ အဖြစ်ဆိုးတွေနဲ့….. ။
မှတ်ချက်။ ဤသတင်းဆောင်းပါးအား MT News ၏ ရခိုင်သတင်းထောက်က AA ထိန်းချုပ်ဒေသတွင် အမှန်တကယ် ကိုယ်တွေ့ကြုံနေရသောဖြစ်ရပ်များအား မြေပြင်တွင် ရှိနေသူများအား ချိတ်ဆက်ရေးသားထားပါသည်။
