MT News
၂၁. ၂. ၂၀၂၆
မြစ်ဆုံဆည်ကို ငလျင်ဒဏ် ၈ မဂ္ဂနီကျုအထိ ခံနိုင်သည့်ဒီဇိုင်းများအဖြစ် တည်ဆောက်သွားမည် ဖြစ်ပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများက ပြန်လည်လက်ခံပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပါက လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းက ပြောကြားသည်။
အဆိုပါပြောကြားချက်ကို ယမန်နေ့က လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေသခံပြည်သူများ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံပြီး ဧရာဝတီ မြစ်ဆုံ-မြစ်ညာ စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ဦးတင်အောင်စန်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်နှင့် ဦးဉာဏ်ထွန်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ လူမှုရေးဆိုင်ရာအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် အဓိကကျသည့်အတွက် မည်သို့ဖြည့်ဆည်းဆောင်ရွက်ရမည်ကို ကြံဆစဉ်းစားရန် လိုအပ်လာကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်နေသည် ဖြစ်သည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတိုးတက်ရေး အစီအစဉ်များကို ကြိုတင်စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ဖော်ဆောင်ရေးကာလမှာ ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်မည် ဖြစ်သည့်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်မှသာ အနာဂတ်နိုင်ငံတော်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် စွမ်းအင်ဖူလုံနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်နိုင်ရန် လျှပ်စစ်မီးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်နှင့်စွမ်းအင်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်အနေဖြင့် နေရာဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် အလှမ်းဝေးကွာသော ဒေသများအတွက် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသည် ကနဦးတည်ဆောက်စကာလတွင် ကုန်ကျစရိတ် အတန်အသင့်ရှိသော်လည်း လည်ပတ်မှုစရိတ်နှင့် လောင်စာဖိုးကုန်ကျစရိတ်မရှိသဖြင့် လေအား၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ဆိုလာတို့ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများထက် ကုန်ကျစရိတ် သက်သာသောကြောင့် နိုင်ငံအတွင်း ကြွယ်ဝသည့် ရေအရင်းအမြစ်များအပေါ် အခြေပြု၍ ရေအားလျှပ်စစ်စီမံကိန်းများကို ရနိုင်သမျှအကျိုးရှိရှိ တည်ဆောက်ကြခြင်းဖြစ်ပါကြောင်း၊ ဆည်တမံကြီးများကြောင့် မြစ်ရေကြီးမှု အန္တရာယ်ဘေးမှ ကာကွယ်နိုင်သလို စိုက်ပျိုးရေရရှိရေးကိုလည်း အထောက်အကူပြုကြောင်း၊ ထို့ပြင် ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ကာ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်မည့် မြစ်ဆုံစီမံကိန်းမှထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်အတွက်သာ ဦးစားပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုသုံးစွဲပြီး ပိုလျှံဓာတ်အားကို ပြည်မနှင့်အခြား ပြည်နယ်များက တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် မျှဝေသုံးစွဲသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်းနှင့် စီမံကိန်းများ ဖြစ်ထွန်းအောင်မြင်ရေးသည် ဒေသခံမိဘပြည်သူများ၏ ထောက်ခံအားပေးမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအပေါ် များစွာမူတည်နေပါသဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရေအရင်းအမြစ် စီမံခန့်ခွဲမှုပညာရှင် ဦးဟိန်းထက်က မြစ်များနှင့် ပြတ်ရွေ့များ၏ ဆက်စပ်မှု၊ တမံများ၏ အခန်းကဏ္ဍ၊ ရေအားလျှပ်စစ်နှင့် ရေအရင်းအမြစ် ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ ဧရိယာများအား စီမံခန့်ခွဲခြင်း၊ စီမံကိန်းဆိုင်ရာ အဓိကအချက်အလက်များ၊ အရည်အသွေးစစ်ဆေးသော လုပ်ငန်းများ၊ တမံ၏ ဘေးကင်းမှုကိုစောင့်ကြည့်ရန် တိုင်းတာရေးကိရိယာများ တပ်ဆင်ခြင်း၊ ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ငလျင်နှင့် အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဒေါက်တာ အေးလွင်က ငလျင်လှုပ်ခတ်ခြင်းနှင့် အကြောင်းရင်းများ၊ ငလျင်ဒဏ်ခံ ရေလှောင်တမံဒီဇိုင်းပုံစံများ၊ မြစ်ဆုံတမံနှင့် ကမ္ဘာပေါ်ရှိ တမံများနှိုင်းယှဉ်ချက်၊ မြစ်ဆုံတမံ၊ စစ်ကိုင်းပြတ်ရွေ့နှင့် ငလျင်အခြေအနေ၊ ပြတ်ရွေ့အနီးနှင့် ပြတ်ရွေ့ပေါ်ရှိတမံများ (ပြည်တွင်း၊ ပြည်ပ)၊ ငလျင်ဒဏ်ခံအားကူနည်းစနစ်၊ မန္တလေးငလျင်အပြီး မန္တလေးနှင့် နေပြည်တော်ဒေသရှိ ပြည်တွင်းတမံများအခြေအနေ စသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဒေသခံပြည်သူလူထု စိတ်ပူပန်မှုများကို ပညာရှင်များကလည်း အချက်အလက်များစုံလင်စွာတင်ပြပြီး ဖြစ်ပါကြောင်း၊ ယခုတည်ဆောက်မည့်ဆည်ကို ၈ မဂ္ဂနီကျုဒဏ် ခံနိုင်သည့်ဒီဇိုင်းများအဖြစ် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် ရည်မှန်းချက်ထား ဆောင်ရွက်မှု၊ ၂၀၃၀ ပြည့်နှစ်အထိ ဖြစ်ပေါ်လာမည့် စက်တပ်ဆင်အင်အား၊ ထုတ်လုပ်နိုင်မည့် ဓာတ်အားနှင့် ထုတ်လုပ်ပေးရမည့် နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများက ပြန်လည်လက်ခံပြီး ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပါက လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က မြစ်ဆုံစီမံကိန်းအား နည်းပညာပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မည့်အခြေအနေ၊ ဆည်မြောင်းမှ ရေလှောင်တမံများနှင့် မန္တလေးငလျင်ကြီး၊ တည်ဆောက်ပြီးတမံများတွင် အရေးပေါ်အခြေအနေ ကြိုတင်ကာကွယ်ရေးစီမံချက်၊ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှု ကာကွယ်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြစ်ဆုံစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးစိတ်များအပေါ် ထိရောက်မှုမရှိနိုင်ခြင်း စသည့် ခေါင်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စီမံကိန်းဧရိယာတွင်ပါဝင်မည့် ဒေသခံပြည်သူများ၏ နစ်နာကြေး၊ လျော်ကြေးများဆိုင်ရာကိစ္စ၊ ပြောင်းရွှေ့နေရာချထားမှုဆိုင်ရာများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေနည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူလူထုအနေဖြင့် မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြစ်ဆုံလျှပ်စစ်စီမံကိန်းနိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အမှန်တကယ်တန်ဖိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် “တစ်ထပ်ထဲ မကျရောက်ရင် တစ်လိုင်းထဲမှာ” လက်တွဲသွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူက မိမိတို့ပြည်နယ်သည် အချက်အချာကျသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ရေအားလျှပ်စစ်သာ ရရှိခဲ့မည်ဆိုလျှင် အိပ်မက်များကို အကောင်အထည်ဖော်သွားနိုင်မည် ဖြစ်ပါကြောင်း၊ အနာဂတ်အတွက် အပြောင်းအလဲဖြစ်သွားမည်ကို စိုးရိမ်မှုမရှိဘဲ အပြောင်းအလဲကိုလက်ခံရန် လိုအပ်ပါကြောင်း၊ အပြောင်းအလဲကို လက်ခံသည့်နေရာတွင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် ပူးပေါင်းပါဝင်မှုဖြင့် ကိုယ်တိုင်လက်တွဲပူးပေါင်းပြီး အပြောင်းအလဲကို ဖော်ဆောင်မှသာ မိမိတို့လိုချင်သည့်ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
