သတိုး
၂၀. ၂. ၂၀၂၆
ထိုင်းနိုင်ငံတွင် ယနေ့ညယှဉ်ပြိုင်ကစားမည့် ONE Friday Fights 143 ၏ အဓိကခေါင်ပွဲ (Main Event) သည် သာမန်အားကစားပွဲတစ်ခုထက်မကဘဲ မြန်မာ့ကိုယ်ခံပညာလောကအတွက် ဂုဏ်သိက္ခာပြန်လည်ဆယ်တင်ရမည့် ညတစ်ည ဖြစ်လာရန် ရှိနေသည်။
One တွင် ခေါင်ပွဲနှင့် ဒုခေါင်ပွဲရခဲ့သူများအပြင် ရိုးရာကျားအားလုံး အရှုံးရလဒ်သာ ဆက်တိုက် ပိုင်ဆိုင်နေကြသဖြင့် မချိတင်ကဲဖြစ်နေသော ရိုးရာချစ်ပရိသတ်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) က ပေးအပ်သည့် ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဖိုက်တာဆုရှင်နှင့် ထိုင်းဘုရင့်ဖလားဟု လူသိများသည့် Thai Fight Royal Cup -53kg title ချန်ပီယံဆုကိုပါ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ဆွတ်ခူးခဲ့သည့် မြန်မာ့ဂုဏ်ဆောင် ဘရော်နီကာ (Veronika) နှင့် အစ္စရေးကြယ်ပွင့် ရှား ကိုဟန် (Shir Cohen) တို့ ခေါင်ပွဲတွင် ထိပ်တိုက်တွေ့ဆုံမှုသည် နည်းဗျူဟာချင်း အားပြိုင်မှုဖြစ်သလို၊ စိတ်ဓာတ်ကြံ့ခိုင်မှုချင်း ယှဉ်ပြိုင်ရမည့် ပွဲကြီးတစ်ပွဲဖြစ်သည့်အပြင် မြန်မာပရိသတ်အဖို့ One ခေါင်ပွဲ ကျိန်စာဆိုးကို ဖျက်ချိုးနိုင်မည့်မျှော်လင့်ချက်အကြီးဆုံး ထိုးသတ်ပွဲလည်း ဖြစ်နေပြန်သည်။
◼️ ဒီတိုက်ပွဲ ဘယ်သူအနိုင်နွှဲမလဲ
ဘရော်နီကာသည် လက်ရှိတွင် ONE Championship ၏ အမျိုးသမီးမွေထိုင်းကဏ္ဍ၌ အန္တရာယ်အရှိဆုံး Striker များထဲမှ တစ်ဦးဖြစ်သည်။ သို့သော် သူမ၏ One ပွဲစဉ်သုံးပွဲတွင် Junior Fairtex ကိုသာ အလဲထိုးအနိုင်ယူထားနိုင်ပြီး ပုတိုဗိုက်ခေါက်ထွက်ကာ ကစားသမားရုပ်မပေါက်သော
တစ်ဖက်တွင်မူ အစ္စရေးသူ ကိုဟန်သည် လျှော့တွက်၍မရသော ပြိုင်ဘက်ဖြစ်သည်။ ကိုဟန်သည် မွေထိုင်းအခြေခံအပြင် Kickboxing ပိုင်းတွင်လည်း ကျွမ်းကျင်မှုရှိသူ ဖြစ်သည်။ ခြေကန်ချက်များကို အသုံးချကာ ပြိုင်ဘက်၏ အဝင်ကို ထိန်းချုပ်ပြီး၊ အားနည်းချက်မြင်သည်နှင့် တန်ပြန်တိုက်စစ် (Counter-striking) ကို တရစပ် ဆင်နွှဲတတ်သည်။ သူမ၏ မာဂုဏ်နှင့် သက်လုံ (Stamina) မှာလည်း လေးစားချီးကျူးဖွယ် အဆင့်တွင် ရှိနေသည်။
၂၀၂၃ Road to ONE: Thailand ဆုရှင် ကိုဟန်သည်Teodora Kirilova ကဲ့သို့သော ပြိုင်ဘက်ကို အနိုင်ယူပြီး ONE စင်မြင့်တွင် နေရာတစ်နေရာ ရယူထားသူဖြစ်သလို ဘရော်နီကာ အရေးနိမ့်ခဲ့သည့် Francisca Vera နှင့် Amy Pirnie ကို ဒိုင်အားလုံးဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ယူခဲ့သူဖြစ်သည်။ ယနေ့ညပွဲစဉ်သည် နည်းစနစ်ကျကျ အမှတ်ယူကစားတတ်ပြီး သန်မာမြန်ဆန်သည့် ခြေကန်ချက်အားပြုကစားတတ်သူ ကိုဟန်နှင့် လက်သီးအားပြုကစားတတ်သော မြန်မာ့ကယန်းကျားသစ်မယ်တို့၏ တိုက်ပွဲဖြစ်ပြီး အမှတ်ဖြင့် ဆုံးဖြတ်ခံရပါက ဘရော်နီကာအရေးနိမ့်ဖွယ်ရှိသည့် အခြေအနေလည်းဖြစ်နေသည်။
ပွဲမတိုင်ခင် ဘရော်နီကာက “ကျွန်မ ဒီပွဲအတွက် သေချာပြင်ဆင်ထားတယ်။ မြန်မာပရိသတ်တွေအတွက် အောင်ပွဲကို ယူဆောင်ပေးမှာပါ” ဟု သူမ၏ကတိကို ခိုင်ခိုင်မာမာ ပေးထားသလို တစ်ဖက်တွင် ကိုဟင်ကလည်း “ဗီရိုဟာ အားကောင်းပေမဲ့ ကျွန်မရဲ့ နည်းစနစ်ကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး” ဟု တုံ့ပြန်ထားသည်။
◼️ ရိုးရာချစ်တို့ သောက
မြန်မာပရိသတ်များအကြားတွင် “ONE ခေါင်ပွဲတက်လျှင် မြန်မာကစားသမားများ ရှုံးတတ်သည်” ဆိုသော စိုးရိမ်မှု (သို့မဟုတ်) ခေါင်ပွဲကျိန်စာအယူအဆတစ်ခု ရှိလာနေသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။ လတ်တလော ခေါင်ပွဲအချို့တွင် မြန်မာဖိုက်တာများ ဆက်တိုက် ရှုံးနိမ့်ခဲ့မှုကြောင့် ပရိသတ်များသည် ခေါင်ပွဲ အောင်မြင်မှုကို အလွန်အမင်း ဆာလောင်နေကြသည်။ ယခုပွဲတွင် ဘရော်နီကာသည် ကစားသမားတစ်ဦးချင်း၏ အနိုင်အရှုံးထက် ပိုမိုလေးလံသော တာဝန်ကို ထမ်းပိုးထားရသည်။ သူမသည် ခေါင်ပွဲတွင်သာမက အကြိုပွဲများတွင်ပါ ဆက်တိုက်ရှုံးနေသော မြန်မာဖိုက်တာတို့၏ ခံကြီးမောင် ဘ၀ကို အဆုံးသတ်ပေးရန် တာဝန်ရှိနေသလို မြန်မာကစားသမားများသည် ခေါင်ပွဲတွင်လည်း ဖိအားကို ကြံ့ကြံ့ခံနိုင်ကြောင်း သက်သေပြရဦးမည်ဖြစ်သည်။
ယခုပွဲတွင် ဘရော်နီကာသည် နည်းဗျူဟာပိုင်းအရ ဇွတ်အတင်းဝင်တိုးခြင်းထက်၊ ကိုဟင်၏ Counter နှင့် ခြေကန်ချက်များကို ရှောင်တိမ်းနိုင်မည့် Defense mechanism ကို စနစ်တကျ ပြသရမည်ဖြစ်ပြီး ပွဲစသည်နှင့် အမှားအယွင်းမရှိ ဖိအားပေးနိုင်ပါက ဤပွဲသည် မြန်မာပရိသတ်များအတွက် အားဆေးတစ်ခွက် ဖြစ်လာမည်ဖြစ်သလို “ခေါင်ပွဲရှုံးနိမ့်မှု” ဆိုသည့် မှတ်တမ်းဆိုးကိုလည်း တွန်းလှန်နိုင်မည် ဖြစ်သည်။
ဘရော်နီကာ၏ အောင်ပွဲသည် မြန်မာ့ကိုယ်ခံပညာလောကအတွက် အဟုန်အသစ်တစ်ခု ဖြစ်လာနိုင်သလို ရှား ကိုဟန်သာ အောင်ပွဲရခဲ့ပါကလည်း သူမ၏ နည်းစနစ်သာလွန်မှုကို ပြသရာ ရောက်မည့်အပြင် ထူးခြားသော အချက်မှာလည်း ခေါင်ပွဲ (Main Event) အနိုင်ရသူသည် အယ်လီစီယာ ဟယ်လန် ရိုဒရီဂွက်ဇ်၏ ONE အမျိုးသမီး အက်တမ်ဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရန် အလားအလာ အကောင်းဆုံးဖြစ်လာမည်ဖြစ်သဖြင့် ထိုအခွင့်အရေးကို ဘရော်နီကာ ဖမ်းဆုပ်နိုင်မှုရှိ မရှိ မကြာမီအချိန်ပိုင်းတွင် သိရှိရတော့မည်ဖြစ်သည်။
