MT News
၂၀. ၂. ၂၀၂၆
ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှသလို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ အကြား နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိကြသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြု ကာကွယ်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် သတိပေးပြောကြားသည်။
ထို့အတူ ယခု ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ရလဒ် ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့် ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့်အာဏာ ချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြသည်ဟုလည်း ယာယီသမ္မတက ထည့်သွင်းပြောကြားသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ် အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြသည်။
ယင်းအပြင် လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူများပင် ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှု မှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ကြောင်း၊ တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန် ရရှိနေသည့်အခြေအနေတွင် ယခုကဲ့သို့ မဆင်မခြင် လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရေး ချင်းတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း၊အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး တိုးတက်ကောင်းမွန်လာမည်ဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် စီးပွားရေး ဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက မှာကြားသည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရကြောင်း၊ ထိုသို့ စတင်တာဝန်ယူချိန်မှစ၍ ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း၊အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များအရ လွှတ်တော်အစည်းအဝေးများကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ကြောင်းနှင့် သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ကြောင်းလည်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
