၁၉.၂.၂၀၂၆
Written by Linn Eain
ရွှေတိဂုံစေတီတော် (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၂ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ကြေညာထားမှုအရ သိရသည်။
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို (၁၃၈၇ ခုနှစ် တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ၁၀ ရက်တိုင်တိုင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာဟု ဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးတို့ဖြင့် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းမည်ဖြစ်ပြီး ယင်းရက် နံနက် ၉ နာရီမှ တပေါင်းလပြည့်နေ့ မတ် ၃ ရက်၊ နံနက် ၉ နာရီအထိ သံဃာတော် အပါး ၁၂၀ က နာရီပေါင်း ၂၁၆ နာရီကြာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။
ဆက်လက်၍ တပေါင်းအဖိတ်နေ့ မတ် ၁ ရက်၊ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ ၁၂၁ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၄၈ ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော်လက်ယာရစ်တစ်ပတ် ဆွမ်းဆန်တော် လောင်းလှူမည်ဖြစ်သည်။
ထို့နောက် တပေါင်းလပြည့်နေ့ မတ် ၂ ရက်၊ နံနက် ၅ နာရီတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ) နှင့် ရေစက်ချအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
