နေမိုး
၁၈. ၂. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ကျွန်းလှ PDF များက ကျွန်းလှမြို့ပေါ်သို့ အကြမ်းဖက် ပစ်ခတ်လိုက်သည့် စိန်ပြောင်းကျည်က သီလရှင်ကျောင်းပေါ်ကျရာမှ အနီးရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ ကျွန်းလှ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်သို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ရပ်ကွက်ရှိ ဝေရိက္ခယသီလရှင်ကျောင်းပေါ်သို့ စိန်ပြောင်းဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဆောင်အမိုးသွပ် ခြောက်ချပ်နှင့် ပြတင်းပေါက်မှန်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအနီးရောက်ရှိနေသူ ပျဉ်းမနားမြိုင်ရပ်ကွက်နေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးတင်ညွန့်(၇၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လှမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ဦးတင်ညွန့်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (FPTP) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိထားသူဖြစ်ပြီး မတ်လလယ်တွင် စတင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ကျွန်းလှမြို့နယ် ကိုယ်စားပြု တက်ရောက်မည့်သူဖြစ်သည်။
ထိုသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
