နေမိုး
၁၇. ၂. ၂၀၂၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ NUG ရဲ့ PDF တွေနဲ့ စင်ပြိုင်ဖြစ်လာခဲ့ပြီးနောက်မှာ NUG ရဲ့ ကာလရှည်ကြာအငြိုးထားပြီး BNRA ကို အမြစ်ဖြုတ်ဖို့ စီမံချက်ကို ဒီနေ့မနက်မှာ စတင်အသက်သွင်းလိုက်ပြီး NUG ရဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်းတွေက LPDF အဖွဲ့ဖြစ်တဲ့ ဗိုလ်နဂါးရဲ့ BNRA ကို
ဒီနေ့ (ဖေဖော်ဝါရီ ၁၇ရက်) မနက်ပိုင်းမှာ စတင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ပုလဲမြို့နယ်က ကျေးရွာ ၂ ရွာမှာရှိတဲ့ BNRA တပ်စခန်းတွေကို ယင်းမာပင် PDF တပ်တွေ စုပေါင်းလို့ စတင်တိုက်ခိုက်လာတာဖြစ်ပြီး လက်နက်မဲ့ ဒေသခံတွေကတော့ ထုံးစံအတိုင်း ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
“NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီနေ့ နံနက် ၇ နာရီခွဲမှစ BNRA ဂိတ်စခန်းများအား လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများဖြင့်ပါကို လာရောက်တိုက်ခိုက်နေပြီ ဖြစ်ပါသည်။ အစိုးရအမည်ခံထားခြင်း၊ စစ်ဒေသ (၁) တွင်လည်း KIA အဖွဲ့အစည်းမှ ဦးဆောင်ခြင်းကြောင့် ထိုသို့အကျည်းတန်သော လုပ်ရပ်ကို တော်လှန်ဘက်အချင်းချင်း ပြုလုပ်မည်မဟုတ်ဟု လွန်ခဲ့သောနှစ်များအတွင်း ယူဆထားခဲ့ဖူးသော်လည်း ယခုအခါ အံ့သြဖွယ် ဆိုးသွမ်းမှုကိုမြင်ရပြီဖြစ်ကြောင်းနှင့် ပြည်သူအများလတ်တလောအချိန်အတွင်း ဘေးလွတ်ရာစစ်ရေးသတိပြုနေကြပါရန် အရေးပေါ် အသိပေးနှိုးဆော်အပ်ပါသည်။” လို့ ဗိုလ်နဂါးက အသိပေးထားပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ရဲ့ တပ်ရင်း
(၃) က NUG ရဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄)က ရဲဘော်ကတုံးကို လက်နက်မအပ်မှု၊ မုံရွာမြို့ပေါ်က နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုနဲ့ အငြင်းပွားရင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ပစ်ခတ်မှုဖြစ်ရာက နဝရတ်ရွှေဆိုင်ဓားပြတိုက်တဲ့ NUG ရဲ့ ယင်းမာပင် PDF ကတုံးသေဆုံးသွားပြီးနောက်မှာ NUG ရဲ့ PDF တွေက သူတို့ရဲဘော် ဓားပြကတုံးကို သတ်လိုက်တဲ့ ဗိုလ်နဂါးရဲ့ BNRA ကို ဒီနေ့ စတင်တိုက်ခိုက်လာတာပါ။
ယင်းမာပင် PDF လိုပဲ NLD အမတ်ဟောင်းနဲ့ ပုလဲပကဖခေါင်းဆောင် ဇော်ထက်တို့ကြားမှာလည်း အဆင်မပြေမှုတွေ၊ အဖွဲ့အစည်းအကြား အငြင်းပွားမှုတွေရှိပြီး ဗိုလ်နဂါးကို အမြစ်ဖြုတ်ဖို့ ကြံရွယ်လုပ်ဆောင်ခဲ့ဖူးပါတယ်။ ကြံရွယ်ချက်တွေ မအောင်မြင်တဲ့ နောက်ဆုံးမှာ ပုလဲပကဖ ဇော်ထက်က NUG ရဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က မြို့နယ်ပလဖပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်မှာ သူ့နေအိမ် မြေအောက်ခန်းမှာ ရိုက်သတ်ပြီး ဗိုလ်နဂါးကို လွှဲချခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒဏ်ရာဒဏ်ချက်များစွာနဲ့သေဆုံးနေတဲ့ ပုလဲမောင်ရဲ့အလောင်းကို ဇော်ထက်နေအိမ်မှာ တွေ့တဲ့အကြောင်း ဗိုလ်နဂါးဘက်က ဖော်ထုတ်နိုင်ခဲ့အပြီးမှာ ဇော်ထက်ရဲ့ ဗိုလ်နဂါးအဖွဲ့ကို အပြတ်ရှင်းဖို့အကြံအစည်တစ်ခန်းရပ်သွားခဲ့ပါတယ်။ ပုလဲမောင်ကို သတ်တဲ့ဇော်ထက်ကို အရေးယူပေးဖို့ ပုလဲမောင် မိသားစုတွေက NUG ကို ဆန္ဒပြ တောင်းဆိုပေမဲ့ NUG က အရေးမယူခဲ့သလို ဇော်ထက်ဟာလည်း ပုလဲမောင်ကိုသတ်သူလို့ ထင်မြင်ခံနေရတာကြောင့် ဗိုလ်နဂါးရဲ့ BNRA ကို အမြစ်ဖြုတ်ရေးစီမံချက်ကို NUG က ယင်းမာပင်ခရိုင် PDF တပ်တွေဘက် တာဝန်လွှဲပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း NUG ရဲ့ ယင်းမာပင် PDF တွေက BNRA ဆက်ကြေး ဂိတ်နှစ်ဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့သလို ဗိုလ်နဂါးရဲ့ LPDF တွေကလည်း NUG ရဲ့ ပုလဲမြို့နယ်၊ ပန်းရွာက ဆက်ကြေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
