◾️ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်သည့် မူဆယ်-မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
◾️ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ ပေါ်ပေါက်လာတော့မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ယခုထက်ပိုသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဟု ယုံကြောင်းပါ ပြောကြား
၁၄. ၂. ၂၀၂၆
Written by Nyein Kyaw
ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် မူဆယ်- မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားသည်။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ မန္တလေး- ကျောက်ဖြူရထားလမ်း စီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးပူးပေါင်းဆောင်မှုများကို မြန်မာနိုင်ငံက အလေးထားကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
လမ်းပန်းဆက်သွယ်မှုအနေဖြင့် လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ပါက နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ယနေ့ထက်တိုင် လက်ခံကျင့်သုံးနေသကဲ့သို့ စစ်မှန်သော မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့်ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပေးခဲ့မှု၊ မန္တလေးငလျင်အတွက် အစောဆုံးအကူအညီ စေလွှတ်ခဲ့မှုတို့အပေါ် အစဉ်အမှတ်ရပါကြောင်းနှင့် ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အကူအညီများပေးအပ်မှုအပေါ်များစွာ ကျေးဇူးတင်ရှိကြောင်း၊ ဒေသတွင်းတွင်သာမက နိုင်ငံတကာအသိုက်အဝန်းများတွင် စဉ်ဆက် မပြတ်အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထားကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ယခုအခါ မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်တွင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များ ဦးဆောင်ပြီး လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပနိုင်တော့မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
လွှတ်တော်မှတစ်ဆင့် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့တစ်ရပ်သည်လည်း လာမည့် ဧပြီလဆန်းပိုင်းတွင် ပေါ်ပေါက်လာတော့မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ယခုထက်ပိုသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
တရုတ်ရိုးရာ ရာသီခွင်များထဲက “မြင်း” ဆိုသည်မှာ အောင်မြင်မှု၊ ကံကောင်းခြင်းနှင့်လည်း ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်ကို အခြေခံသည့် အိမ်နီးချင်းချစ်ကြည်ရေး ထာဝရတည်တံ့စေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သာယာဝပြောစေရန်နှင့် ယနေ့ ကြွရောက်လာသည့် ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်းပြီး အောင်မြင်ခြင်း၊ ကံကောင်းခြင်းများ ပိုင်ဆိုင်ကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
