◾️ ICJ တွင် မြန်မာနိုင်ငံ ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ယခုအမှုသည် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ကို စွဲဆိုခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတော်ကို စွဲဆိုခြင်းကြောင့် နိုင်ငံ၊ ပြည်သူလူထုနှင့် နိုင်ငံအစိုးရတို့ အပါအဝင် တစ်နိုင်ငံလုံးကို တရားပြိုင်အဖြစ် စွဲဆိုခြင်းဖြစ်၍ နိုင်ငံနှင့်ပြည်သူလူထု၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေကြောင်းပါ ပြောကြား
◾️ အဆိုပါကာလများတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် သစ္စာဖောက် ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်၌ ပြောရေးဆိုခွင့် ဆုံးရှုံးခဲ့ရဟုပါ ပြောကြား




၈. ၂. ၂၀၂၆
Written by Nyein Kyaw
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုခံထားရသည့်အမှု၏ စစ်ဆေးကြားနာမှု နောက်ဆုံးအဆင့်ဖြစ်သည့် နှုတ်ဖြင့်စစ်ဆေးကြားနာပွဲတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြည့်စုံသည့် ကြိုတင်ပြင်ဆင်မှုများရှိခဲ့သောကြောင့် ခိုင်မာအားကောင်းစွာ ကာကွယ်ချေပ လျှောက်လဲနိုင်ခဲ့သည်ကိုတွေ့ရကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ICJ ၌ တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပွဲတွင် ပြောကြားသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌တရားရင်ဆိုင်ကြားနာပွဲသို့ သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယာယီသမ္မတက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းစေမှု (Genocide) ဖြင့် စွဲဆိုထားသည့်အမှုကို နောက်ဆုံးအပြန်အလှန်နှုတ်ဖြင့် လျှောက်လဲချက် ကြားနာစစ်ဆေးမှု (Oral Hearing) ၌ မြန်မာနိုင်ငံဘက်မှ သွားရောက်ရင်ဆိုင်လျှောက်လဲခဲ့ကြသည့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုက သောင်းသောင်းဖြဖြ ထောက်ခံအားပေး ဂုဏ်ပြုကြိုဆိုခဲ့ကြသည့်နည်းတူ နိုင်ငံတော်အစိုးရကလည်း နိုင်ငံတော်ကို ကိုယ်စားပြုပြီး ယခုကဲ့သို့ ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုကြိုဆိုခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံမှ ၂၀၁၉ ခုနှစ်က စတင်စွဲဆိုခဲ့သည့် ယင်းအမှုသည် ၆ နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ အမှုကြားနာစစ်ဆေးသည့် Merit အဆင့် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူခဲ့ပြီးနောက် အမှုကိစ္စနှင့် ပတ်သက်၍ အစိုးရများနှင့် သက်ဆိုင်သည့်နိုင်ငံတကာဥပဒေ Public International Law အရ ရှေ့က အစိုးရ၏ လုပ်ဆောင်ခဲ့သည့်လုပ်ငန်းနှင့် ကတိကဝတ်များကို ယေဘုယျအားဖြင့် ဆက်ခံရမည့် Succession of State တာဝန်ရှိမှုနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုကဲ့သို့ ဆက်ခံဆောင်ရွက်နိုင်ရေး အပြည်ပြည်ဆိုင်ရာတရားရုံးက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် စတင်ဆက်သွယ်လာခဲ့ပြီးသည့်နောက် မိမိတို့အစိုးရအနေဖြင့် ယင်းအမှုကို ဆက်ခံဆောင်ရွက် သင့်မသင့်တာဝန်ရှိသူများအကြား အကြေအလည် ဆွေးနွေးခဲ့ကြပြီးနောက် ထိုအချိန်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေးအခြေအနေများအရ ယင်းအမှုကို ဆက်လက်ပြီး တာဝန်ယူဆောင်ရွက်သင့်သည်ဟု ဆုံးဖြတ်ခဲ့ပြီး တာဝန်ခံဆောင်ရွက်မည့် Agent နှင့် Alternate Agent ကိုယ်စားလှယ်နှစ်ဦးကို ရွေးချယ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အဆိုပါကာလက နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေကို ပြန်ပြောင်း လေ့လာမည်ဆိုပါက မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပဖိအားများနှင့် စိန်ခေါ်မှုများ များပြားနေခဲ့သည့်အချိန်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် မိမိတို့အစိုးရကို တရားဝင်အသိအမှတ်ပြုရန် တွန့်ဆုတ်နေခဲ့ကြပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ပါ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် သစ္စာဖောက်ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်၌ ပြောရေးဆိုခွင့် ဆုံးရှုံးနေရသည့်အချိန်ဖြစ်ကြောင်း၊ အလားတူ အာဆီယံတွင်လည်း မြန်မာအစိုးရ ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားခြင်းခံရသည့်အချိန်လည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းအမှု စစ်ဆေးကြားနာမှု၏ နောက်ဆုံးအဆင့်ဖြစ်သည့်နှုတ်ဖြင့် စစ်ဆေးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကျင်းပခဲ့ရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြည့်စုံသည့် ကြိုတင်ပြင်ဆင်မှုများရှိခဲ့သောကြောင့် ခိုင်မာအားကောင်းစွာ ကာကွယ်ချေပ လျှောက်လဲနိုင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ထို့အတွက်လည်း မိမိတို့၏အေးဂျင့်နှစ်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အနေဖြင့် ချီးကျူးဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အမှန်ဆိုပါက အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံက ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ယခုအမှုသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ကိုစွဲဆိုခြင်း မဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စွဲဆိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၊ ပြည်သူလူထုနှင့် နိုင်ငံအစိုးရတို့အပါအဝင် တစ်နိုင်ငံလုံးကို တရားပြိုင်အဖြစ် စွဲဆိုမှုဖြစ်သဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အထူးအရေးပါသည့် ကိစ္စတစ်ရပ်လည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခုအမှုတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဥပဒေကြောင်းဆိုင်ရာအရ လည်းကောင်း၊ အချက်အလက်ပိုင်းဆိုင်ရာအရ လည်းကောင်း၊ ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ ရပ်တည်ချေပ လျှောက်လဲနိုင်ခဲ့ကြောင်း သိရှိရသည့်အတွက်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်တကွ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာဌာနအားလုံးကို နိုင်ငံတော်အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းအမှုကိစ္စသည် မြန်မာနိုင်ငံအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း ယင်းစိန်ခေါ်မှုမှ မြန်မာနိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ယင်းအကျိုးအမြတ်များအနက် အရေးအကြီးဆုံးအချက်တစ်ရပ်မှာ “အရေးကြီးပြီ သွေးစည်းကြစို့” ဟူသည့်အတိုင်း မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲခံရသည့် ယခုအမှုအပေါ် မြန်မာပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ စည်းစည်းလုံးလုံးလက်တွဲပြီး နိုင်ငံချစ်စိတ်နှင့် ကိုယ့်နိုင်ငံဘက်က အပြည့်အဝထောက်ခံရပ်တည်ခဲ့ကြသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်မှု၏ သာဓကတစ်ရပ် ရရှိခဲ့သည်ဟုဆိုရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နောက်ထပ် အကျိုးအမြတ်တစ်ခုအနေဖြင့် နှစ်ပေါင်းများစွာရှိနေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ၏ အရင်းအမြစ်တစ်ခုဖြစ်သည့် နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားသည့် အမည်အမှတ် သရုပ်လက္ခဏာတစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်တွင် အထောက်အထားအခိုင်အမာဖြင့် တင်ပြခွင့်ရခဲ့ခြင်းပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် ဥပဒေပိုင်းဆိုင်ရာတွင်လည်း ယင်းအမှုမှ နိုင်ငံတကာအဆင့် အတွေ့အကြုံများရရှိခဲ့ပြီး မိမိနိုင်ငံအတွက် ဥပဒေကြောင်းအရ အလားတူ ထိုးနှက်တိုက်ခိုက်လာခြင်းမျိုး ထပ်မံရှိလာပါက မည်ကဲ့သို့အကောင်းဆုံးပြင်ဆင်သွားမည်ဟူသည့် အသိအမြင် ဗဟုသုတများရရှိနိုင်ခဲ့သည်မှာလည်း အဆိုးထဲကအမြတ်တစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သည့် ICJ အနေဖြင့် မည်ကဲ့သို့သော ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခုအမှု ကိစ္စနှင့်ပတ်သက်၍ ကိစ္စကြီးငယ်မခွဲခြားဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် (ခြင်္သေ့က သားကောင်ကိုလိုက်သည့် ဥပမာကဲ့သို့) စနစ်တကျပြင်ဆင်၍ အင်ပြည့်အားပြည့်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးအထိ ရောက်လာနိုင်ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
