







၈. ၂. ၂၀၂၆
Written by Nyein Kyaw
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးချစ်ဆွေနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ယာယီသမ္မတက ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား မုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ မြှင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အလားတူ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်လာစေနိုင်ရန်၊ ပြည်တွင်းစီးပွားရေး ကောင်းမွန်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်း ပေါများလာစေရန်၊ ဒေသအလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အစီအစဉ်များ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ထို့ပြင် စီးပွားရေးဖွံ့ဖြိုးမှု သက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ဗဟုသုတများဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှု၊ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်ပဈေးကွက်သို ချိတ်ဆက်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံး စက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမ ဝါယမပြခန်းများ၊ အသင်းအဖွဲ့ ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး လျှပ်စစ် သုံး မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ် ပြခန်းများ၊ အထည်ချုပ်ပြခန်းများ၊ ကုမ္ပဏီပြခန်းများအပါအဝင် စုစုပေါင်း ပြခန်းပေါင်း ၁၂၀ ကျော်အား ပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ဖေဖေါ်ဝါရီ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော် ကာလအတွင်း နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် လွတ်လပ်စွာ လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။
