သက်တံ့
၅. ၂. ၂၀၂၆
နိုင်ဂျီးရီးယားနိုင်ငံ၊ ကွာရာ (Kwara) ပြည်နယ်တွင် အကြမ်းဖက်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၆၂ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်းနှင့် ယင်းမှာ မကြာသေးမီလများအတွင်း နိုင်ငံအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အနောက်အလယ်ပိုင်းပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃ ရက်) နှောင်းပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုသည် စစ်တပ်က “အကြမ်းဖက်သမားများ” ဟု ခေါ်ဆိုသည့်အဖွဲ့များကို ထိုဒေသတွင် စစ်ဆင်ရေးများ လုပ်ဆောင်ပြီးနောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
နိုင်ဂျီးရီးယားနိုင်ငံ၏ အချို့သောဒေသများတွင် ကျေးရွာများကို လုယက်ပြီး လူပြန်ပေးဆွဲသည့် “ဓားပြများ” (Bandits) ဟု လူသိများသော လက်နက်ကိုင်ဂိုဏ်းများ၊ ဒေသခံအစုအဖွဲ့များအကြား ပဋိပက္ခများနှင့် နိုင်ငံ၏ အရှေ့မြောက်နှင့် အနောက်မြောက်ပိုင်းတို့တွင် လှုပ်ရှားနေသော အစ္စလာမ္မစ်အစွန်းရောက် ဂျီဟတ်အဖွဲ့များ၏ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရသည်။
“အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်လို့ သေဆုံးသူအရေအတွက်ဟာ အခု ၁၆၂ ဦးအထိ ရှိလာပြီလို့ သိရပါတယ်” ဟု ကွာရာပြည်နယ် ကြက်ခြေနီအဖွဲ့ အတွင်းရေးမှူး Babaomo Ayodeji က အစောပိုင်း ထုတ်ပြန်ထားသည့် သေဆုံးသူ ၆၇ ဦးမှ တိုးမြှင့်ကာ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က တိုက်ခိုက်မှုကို အတည်ပြုသော်လည်း သေဆုံးသူအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသေးချေ။ သို့သော် ပြည်နယ်အစိုးရကမူ “အကြမ်းဖက်ဆဲလ်များ” ၏ လက်ချက်ဖြစ်သည်ဟု ပြစ်တင်ပြောဆိုထားပြီး “လူအများအပြား သေနတ်ဒဏ်ရာတွေနဲ့ တောထဲကို ထွက်ပြေးသွားကြလို့ နောက်ထပ် အလောင်းတွေ ထပ်တွေ့နိုင်ပါသေးတယ်” ဟု ပြည်နယ်တာဝန်ရှိသူ Ahmed က ဆိုသည်။
လက်နက်ကိုင်များသည် အင်္ဂါနေ့ ညနေ ၆ နာရီခန့်တွင် ဝိုရို (Woro) ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်လာပြီး “ဆိုင်ခန်းတွေနဲ့ ကျေးရွာအုပ်ချုပ်သူ (မျိုးနွယ်စုဘုရင်) ရဲ့ နန်းတော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
အလားတူ အင်္ဂါနေ့မှာပင် မြောက်ပိုင်း ကတ်ဆီနာ (Katsina) ပြည်နယ်တွင်လည်း လက်နက်ကိုင်များက အရပ်သား ၂၃ ဦးကို သတ်ဖြတ်ခဲ့သည်။ ယင်းမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၂၇ ဦး သေဆုံးခဲ့ရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကုလသမဂ္ဂအတွက် ပြင်ဆင်ထားသည့် လုံခြုံရေးအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
ဝိုရိုကျေးရွာတွင် အုပ်ချုပ်သူမျိုးနွယ်စုဘုရင်ဖြစ်သည့် Alhaji Salihu Umar မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က ဆိုသည်။ ကွာရာပြည်နယ်အုပ်ချုပ်ရေးမှူး AbdulRahman AbdulRazaq က ယခုတိုက်ခိုက်မှုသည် “ပြည်နယ်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွေကြောင့် အကြမ်းဖက်ဆဲလ်တွေရဲ့ စိတ်ပျက်အားလျော့မှုကို သတ္တိနည်းနည်းနဲ့ ဖော်ပြလိုက်တာဖြစ်တယ်” ဟု ပြစ်တင်ရှုတ်ချခဲ့သည်။
နိုင်ဂျီးရီးယားစစ်တပ်သည် အစ္စလာမ္မစ်အစွန်းရောက်ဂျီဟတ်သမားများနှင့် လက်နက်ကိုင်ဓားပြများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တိုက်ခိုက်ရေးသမား အမြောက်အမြားကို သုတ်သင်နိုင်ခဲ့ကြောင်း ပုံမှန်ထုတ်ပြန်လေ့ရှိသည်။
ပြီးခဲ့သည့်လက ကွာရာပြည်နယ်အတွင်း “အကြမ်းဖက်သမားများအပေါ် ပူးပေါင်းစစ်ဆင်ရေးများ” ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။ ဒေသတွင်း သတင်းဌာနများ၏ အဆိုအရ စစ်တပ်သည် ဓားပြ ၁၅၀ ခန့်ကို “ချေမှုန်းနိုင်ခဲ့သည်” ဟု ဆိုသည်။
“တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေကို ချေမှုန်းနိုင်ခဲ့သလို တချို့ကတော့ တောထဲကို ထွက်ပြေးသွားကြပါတယ်၊ သူတို့ရဲ့ ပုန်းအောင်းရာနေရာတွေကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်” ဟု ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယခင်က လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိနိုင်သည့် ဝေးလံခေါင်သီသော စခန်းများကိုပါ စီးနင်းနိုင်ခဲ့ကြောင်းလည်း ဆိုသည်။
လွန်ခဲ့သည့်နှစ်မှစ၍ ဂျီဟတ်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး အယ်လ်ကိုင်ဒါး (Al-Qaeda) နှင့် ဆက်နွှယ်သည့် မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်အဖွဲ့ JNIM အဖွဲ့သည် ကွာရာပြည်နယ်တွင် ၎င်းတို့၏ ပထမဆုံးသော တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Ref : IOL & Al Jazeera








