သက်တံ့
၅. ၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ စူပါမားကတ်တစ်ခုအတွင်းမှ ရွှေဆိုင်အား ဝင်ရောက်လုယက်ပြီး ဘတ် ၂ သန်းခွဲနီးပါးတန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ခိုးယူသွားခဲ့သည့် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
အဆိုပါ လုယက်မှုသည် ဟတ်ယိုင်မြို့ရှိ Lotus’s စူပါမားကတ်အတွင်း တည်ရှိသော ရွှေဆိုင်တွင် ညနေ ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ CCTV မှတ်တမ်းများအရ သံသယရှိသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားကြောင်း တွေ့ရသည်။
ဗီဒီယိုမှတ်တမ်းအရ ထိုလူငယ်သည် ဆိုင်ကောင်တာပေါ်မှ ခုန်တက်ခဲ့ရာ စားသုံးသူများနှင့် ဝန်ထမ်းများမှာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ ထို့နောက် ၎င်းသည် တူတစ်ချောင်းကို အသုံးပြု၍ ကောင်တာနောက်ဘက်ရှိ မှန်ဗီရိုကို ရိုက်ခွဲကာ ရွှေထည်များထည့်ထားသည့် ဘတ် ၂ ဒသမ ၄ သန်းကျော် တန်ဖိုးရှိသည့် ရွှေဗန်း ၃ ဗန်း၊ ၄ ဗန်းခန့်ကို ယူဆောင်၍ ထွက်ပြေးသွားခဲ့သည်။

ဗီဒီယိုထဲတွင် သံသယရှိသူသည် ဝန်ထမ်းများကို နှုတ်ဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် လက်နက်ဖြင့် အကျပ်ကိုင်ခြင်းမျိုး မတွေ့ရကြောင်း သိရသည်။ ဆိုင်မန်နေဂျာဖြစ်သူ Wuttidate Noo-iad က MGR Online သို့ ပြောကြားရာတွင် သံသယရှိသူသည် ဖြစ်စဉ်တစ်ခုလုံးကို အသံတိတ်ပြီး လျင်မြန်စွာ လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ဆိုသည်။ အခိုးခံရသည့် ရွှေထည်အများစုမှာ ဆွဲကြိုးများဖြစ်ပြီး တစ်ကုံးလျှင် ခန့်မှန်းခြေ ဘတ် ၇၄,၀၀၀ ခန့် တန်ဖိုးရှိသည်။
Kor Hong ရဲစခန်းမှ အရာရှိများသည် ချက်ချင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံသယရှိသူသည် လုယက်မှုမတိုင်မီ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့ပြီး စူပါမားကတ်သို့ သွားလာရန် အသုံးပြုခဲ့ကြောင်း သိရှိခဲ့ရသည်။
ရဲတပ်ဖွဲ့၏ ပူးပေါင်းစုံစမ်းမှုအရ သံသယရှိသူကို ဥဘုံရတ်ချဌာနီပြည်နယ်ရှိ ကားဂိတ်တစ်ခုတွင် ခြေရာခံမိခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် (မနေ့က) တွင် ဖမ်းဆီးနိုင်ခဲ့သည်။ Matichon သတင်းဌာန၏ အဆိုအရ အဆိုပါလူငယ်သည် ရဲတပ်ဖွဲ့ဝင်များကို မြင်လိုက်ရချိန်တွင် တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ချက်ချင်းပင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

“Aun” ဟုသာ အမည်ဖော်ပြထားသည့် သံသယရှိသူလူငယ်က ၎င်းသည် ခိုးယူခဲ့သော ရွှေထည်များကို ဆုန်ခလာပြည်နယ်ရှိ သူငယ်ချင်းတစ်ဦးထံတွင် ထားခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့နောက် ၎င်းသည် ဘန်ကောက်သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး Mor Chit ကားဂိတ်မှတစ်ဆင့် အဖမ်းမခံရစေရန် ဥဘုံရတ်ချဌာနီသို့ ဘတ်စ်ကားဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
Channel 7 သတင်းအရ အဆိုပါလူငယ်ကို လူငယ်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။ စုံစမ်းစစ်ဆေးသူများက ယင်းပြစ်မှုတွင် နောက်ထပ် အသက်တူလူငယ်တစ်ဦးလည်း ပါဝင်ပတ်သက်နေသည်ဟု ယူဆထားပြီး မကြာမီ စစ်ဆေးမေးမြန်းရန် ခေါ်ယူမည်ဖြစ်သည်။
အဆိုပါဖမ်းဆီးမှုသည် ဇန်နဝါရီ ၃၁ ရက်က ဘန်ကောက်မြို့ ဆူခွမ်ဗစ် ၅၀ (Soi Sukhumvit 50) ရှိ ရှော့ပင်းမောလ်အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ ရွှေများနှင့် ငွေသား ၁၇၀,၀၀၀ ခန့် လုယက်ခံရမှု ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းဘန်ကောက်အမှုမှ တရားခံမှာမူ လွတ်မြောက်နေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
Ref : The Thaiger
