၅ .၂ .၂၀၂၆
Written by Thiri
ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ နောင်းယိုင်မြို့မှာ မြန်မာလုပ်သားတစ်ဦး အလုပ်သွားစဉ် ယာဉ်တိုက်ခံရလို့ ပြင်းထန်ဒဏ်ရာတွေနဲ့ နှစ်လကျော် ဆေးရုံတက်ရောက် ကုသခဲ့ရပြီး သူ့ရဲ့ဆုံးရှုံးနစ်နာမှုအတွက် တာဝန်ယူမှုမရှိတဲ့ ကားသမားထံကနေ နစ်နာကြေး ပြန်လည်ရရှိဖို့ တရားဥပဒေအတိုင်းကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အကူအညီတောင်းခံလာလို့ လိုက်ပါဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဒဏ်ရာရ မြန်မာလုပ်သားအမျိုးသားမှာ ကိုဝင်းထွန်းလို့ သိရပြီး နောင်းယိုင်မြို့ဆောက်လုပ်ရေး(အမိုးလိုင်း)မှာ အလုပ်လုပ်နေတဲ့ ပန်းရောင်ကတ်ကိုင်ဆောင်ထားသူလို့လည်း သိရပါတယ်။ သူ့ဖြစ်စဉ် ဖြစ်ပွားတာက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန်ဝန်းကျင်မှာ ကိုဝင်းထွန်းအလုပ်ကိုသွားစဉ် အနောက်ကနေကားနဲ့ ဝင်တိုက်မိခြင်းကို ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့လို့ အခင်းဖြစ်ဖြစ်ခြင်း ချွန်ဘူလီဆေးရုံကြီးဆီ ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ယာဉ်တိုက်ခံရမှုကြောင့် ကိုဝင်းထွန်းမှာ မျက်နှာတစ်ပြင်လုံးကွဲတဲ့ဒဏ်ရာ၊ မျက်လုံးတစ်ဖက်ကွယ်တဲ့ဒဏ်ရာ၊ ညာဘက်ခြေတစ်ဖက်လှုပ်ရှားမရဖြစ်ပြီး လည်ပင်းအပေါက်ဖောက်ထားရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ လူနာကို နောင်းယိုင်ဆေးရုံဆီ ပြောင်းရွှေ့ကုသခဲ့ပြီး (၂၉)ရက်နေ့မှာ ဆေးရုံကနေဆင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံမှဆင်းချိန် ဆေးကုသမှု ကုန်ကျစရိတ်တွေကို ပကန်စန်ခွန် (လူမှုဖူလုံရေးကြေး) နဲ့ ရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုဝင်းထွန်းက သူ့ရဲ့ထိခိုက်ဆုံးရှုံးမှုအတွက် တိုက်သွားတဲ့ကားသမားက တာဝန်ယူမှုတာဝန်ခံမှုမရှိတာမို့ ထိခိုက်ဆုံးရှုံးသွားတဲ့အပေါ် ရသင့်ရထိုက်တဲ့ နစ်နာကြေးပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးဖို့ (WAG)အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာခဲ့တာကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့ကစတင်ပြီး လက်ခံကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
