
၄.၂.၂၀၂၆.
Translated by Htwe Ko Tun
ဟောင်ကောင်မှာ လွန်ခဲ့တဲ့ ၃၇ နှစ်က လူသတ်မှုကျူးကလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အသက် ၆၂ နှစ်ရှိ ဟောင်ကောင်အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ နောင်ချောက်ခရိုင်မှာ ဖေဖော်ဝါရီလ ၃ ရက်က ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ရာဇဝတ်မှုနှိမ်နင်းရေးဌာနခွဲမှ တပ်ခွဲမှူး ရဲမှူးကြီး နီတီဝစ် သာနာဆစ် နီတီကူလ်ကလည်း လူသတ်တရားခံ လို့ သံသယရှိရတဲ့ ဟောင်ကောင်အမျိုးသား မွိုင်ယူကွန်ကို နောင်ချောက်ခရိုင်ရှိ အိမ်အမှတ် ၄၉/၁၃၅ မှာ ဖေဖော်ဝါရီလ ၃ ရက် က ဖမ်းဆီးမိခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။
မွိုင်ယူကွန်ကို ၁၉၈၉ ခုနှစ်မှာ အမျိုးသားတစ်ဦးအား လူသတ်မှုဖြင့် သံသယရှိသူလေးဦးအနက် နောက်ဆုံးတစ်ဦးကို ရှာဖွေနေတဲ့ ဟောင်ကောင်အစိုးရရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။
ယခင်ဖမ်းဆီးခံထားရတဲ့ သံသယရှိသူတွေက မွိုင်ဟာ သေဆုံးသူကို ဂေါ်ပြားနဲ့ ရိုက်သတ်ခဲ့ပြီး ရုပ်အလောင်းကို ဟောင်ကောင်မှာ မြှုပ်နှံထားတယ်လို့ ပြောခဲ့ကြပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက မွိုင်ဟာ ၁၉၉၄ ခုနှစ်မှာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်က ဖမ်းဆီးမှုအတွင်း မွိုင်မှာ မှတ်ပုံတင်မရှိဘဲ ရဲတွေက သူ့ကိုမေးမြန်းတဲ့ အခါ ဟောင်ကောင်မှာ အလိုရှိနေတ့ မွိုင်ယူကွန်ဖြစ်တယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက် မွိုင် က စမွတ်ပရာကန်ပြည်နယ်မှာ စက်ရုံငယ်တစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုင်းဇနီးတစ်ဦးနဲ့ ကလေးသုံးဦး ရှိတယ်လို့ ရဲကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲမှူးကြီး နီတီဝစ် က မွိုင်ဟာ နောင်ချောက်ခရိုင်၊ လမ်းပတ်ချီခရိုင်ခွဲမှာ စားသောက်ဆိုင်တစ်ဆိုင်ကိုလည်းဖွင့်လှစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
သံသယရှိရသူ မွိုင်ယူကွန်ကတော့ ဟောင်ကောင်မှာ လူသတ်မှုနဲ့ ပတ်သက်လို့ သူ့အပေါ် စွပ်စွဲပြောကြားချက်တွေကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ သူ့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ တရားစွဲဆိုထားပြီး ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Ref : Bangkok Post
