သက်တံ့
၄. ၂. ၂၀၂၆
ဂရိနိုင်ငံ၊ အီးဂျီးယန်းပင်လယ်အရှေ့ပိုင်း (Eastern Aegean Sea) ရှိ ခီယော့စ် (Chios) ကျွန်းအနီး ပင်လယ်ပြင်တွင် ဖေဖော်ဝါရီလ ၄ ရက်က ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် အမြန်ရေယာဉ်တစ်စင်းနှင့် ဂရိကမ်းခြေစောင့်တပ်ဖွဲ့ဝင် ရေယာဉ်တို့ တိုက်မိခဲ့သဖြင့် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါ ပြင်းထန်သော တိုက်မိမှုကြောင့် ကြီးမားသော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ခဲ့ရပြီး အာဏာပိုင်များသည် ကလေးငယ်များအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာ ပင်လယ်ပြင်အတွင်းမှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ရုပ်အလောင်း ၁၄ လောင်းကို ကနဦး ဆယ်ယူရရှိခဲ့သည်။

တိုက်မိမှုအတွင်း အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သဖြင့် ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ခဲ့ရသော အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် နာရီပိုင်းအကြာတွင် သေဆုံးသွားခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁၅ ဦးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များသည် ကလေးငယ် ၁၁ ဦး အပါအဝင် ပိတ်မိနေသူ ၂၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ခီယော့စ်ကျွန်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ထိတ်လန့်ဖွယ် တိုက်မိမှုအတွင်း ဂရိကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ အမြန်ရေယာဉ်ပေါ်တွင် လူဦးရေ မည်မျှအတိအကျ လိုက်ပါလာသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ရေယာဉ်နှစ်စင်း မည်ကဲ့သို့ တိုက်မိခဲ့သည်ကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref : The Sun
