၄ . ၂ . ၂၀၂၆
MT News Editorial
မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းစာမျက်နှာသစ်တစ်ခုအဖြစ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြားမှပင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ ထုတ်ပြန်ချက်အရ လွှတ်တော်အသီးသီးအတွက် ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ထွက်လာခြင်းသည် မှောင်မိုက်နေသော အကျပ်အတည်းများကြားမှ လင်းလက်လာသည့် “ငြိမ်းချမ်းရေး ကြယ်တစ်ပွင့်” ပင် ဖြစ်သည်။
လာမည့် မတ်လလယ်တွင် စတင်မည့် လွှတ်တော်အစည်းအဝေးများသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်မည့် သမိုင်းဝင် အခင်းအကျင်းသစ်တစ်ခု ဖြစ်လာတော့မည်ဖြစ်ပေသည်။
◾ ကိုယ်စားပြုမှု အလှတရားနှင့် ပြည်သူ့ကိုယ်စားလှယ် အင်အားစုများ
ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း (၃၁) ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း အစုအဖွဲ့ (၃၂) ခုမှ ကိုယ်စားလှယ်များ နေရာရရှိခဲ့ကြသည်။
ပြည်သူ့လွှတ်တော်တွင် (၂၆၃) ဦး၊ အမျိုးသားလွှတ်တော်တွင် (၁၅၇) ဦး တို့ဖြင့် ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လွှတ်တော်များတွင်လည်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (၂၉) ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၁,၀၂၅) ဦး ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ မတူကွဲပြားသော တိုင်းရင်းသားအသံများ၊ ဒေသအသီးသီး၏ လိုအပ်ချက်များကို တစ်နေရာတည်းတွင် စုစည်းဆွေးနွေးနိုင်မည့် “နိုင်ငံရေးရင်ပြင်တော်” ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
◾ လက်နက်ကိုင်လမ်းစဉ်မှ နိုင်ငံရေးလမ်းစဉ်ဆီသို့
နိုင်ငံတစ်ဝန်း အဓိကရုဏ်းများနှင့် ပဋိပက္ခမီးလျှံများ တောက်လောင်နေဆဲဖြစ်သော်လည်း ထိုအပူမီးလျှံများ ငြှိမ်းသတ်နိုင်ရေးအဖြေအဖြစ်မူ ဤလွှတ်တော်သစ်က “နှစ်ခုထပ်မရှိသော အဖြေ” အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပြီ ဖြစ်သည်။
နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ပြာပုံအတိဖြစ်စေသည့် လက်နက်ကိုင် အကြမ်းဖက်မှုများသည် မည်သည့်အခါမျှ အဖြေမှန်ကို ပေးစွမ်းနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် နိုင်ငံရေးနည်းလမ်းအရ လွှတ်တော်ပေါ်ထွက်လာသည့် ယခုအချိန်တွင် –
၁။ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုကို ထိခိုက်စေသည့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ကြရန် လိုအပ်သည်။
၂။ လက်နက်ကိုင် လမ်းကြောင်းထက် လွှတ်တော်တွင်း ဆွေးနွေးမှု လမ်းကြောင်းကို ယုံကြည်စွာ အသုံးပြုပြီး ငြိမ်းချမ်းရေးအတွက် တရားဝင် ညှိနှိုင်းမှုများ ပြုလုပ်ကြရန် အထူးတိုက်တွန်းလိုသည်။
၃။ အကြမ်းဖက်မှုများ လျှော့ချခြင်းသည်သာလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့ ချောင်လည်စေမည့် အစိုးရသစ်တစ်ရပ် ဖော်ဆောင်ရေးအတွက် အကောင်းဆုံးသော ပံ့ပိုးမှု ဖြစ်သည်။
ဟု MT News က လေးနက်စွာ တိုက်တွန်းလိုပေသည်။
◾ ပြည်သူ့မျှော်လင့်ချက်နှင့် အစိုးရသစ်၏ တာဝန်
လွှတ်တော်သစ်သည် နိုင်ငံရေးထွက်ပေါက်အဖြစ် ပေါ်ထွက်လာသည်နှင့်အမျှ လက်ရှိနိုင်ငံတစ်ဝန်း ကြုံတွေ့နေရသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို အမြန်ဆုံး လျှော့ချရန် လိုအပ်နေပြီ ဖြစ်သည်။
အဓိကရုဏ်းများနှင့် လက်နက်ကိုင် အကြမ်းဖက်မှုများသည် နိုင်ငံတော် တည်ဆောက်ရေးကို နှောင့်နှေးစေရုံသာမက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုပါ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်နေပါသည်။ပြည်သူလူထုသည် များစွာသော စိန်ခေါ်မှုများ၊ သွေးမြေကျမှုများနှင့် မရေရာမှုများကြားမှပင် မိမိတို့၏ အနာဂတ်အတွက် ဆန္ဒမဲပေးခဲ့ကြခြင်း ဖြစ်သည်။
ရွေးကောက်ခံ ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့အား ရွေးချယ်လိုက်သော မဲဆန္ဒရှင်များသာမက နိုင်ငံသားအားလုံး၏ အကျိုးစီးပွားအတွက် သမိုင်းတရားခံ မဖြစ်စေရန် လွှတ်တော်သက်တမ်းတစ်လျှောက် ကိုယ်စားပြု ဆောင်ရွက်သွားကြရန်မှာ သမိုင်းပေးတာဝန်ပင် ဖြစ်သည်။
လွှတ်တော်အတွင်း ပွင့်လင်းမြင်သာသော နိုင်ငံရေးဆွေးနွေးမှုများ၊ တိုင်းရင်းသားအရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေပြုမှုများသည် အကြမ်းဖက်မှု၏ အရင်းအမြစ်များကို ဖယ်ရှားပေးနိုင်မည်ဟုလည်း ယုံကြည်မိပါသည်။
◾ လွှတ်တော်သစ်အတွက် ဆုမွန်
အချုပ်အားဖြင့်ဆိုသော် လာမည့် မတ်လလယ်တွင် စတင်ပွင့်လန်းလာမည့် လွှတ်တော်သစ်သည် နိုင်ငံတော်၏ အကျပ်အတည်းများ၊ ထိုအကျပ်အတည်းများကို လည်စင်းခံနေရသော နိုင်ငံနှင့်ပြည်သူအတွက် တစ်ခုတည်းသော “နိုင်ငံရေးထွက်ပေါက်” ပင် ဖြစ်သည်။
- ထိုနိုင်ငံရေးထွက်ပေါက်မှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်မှုများ လျှော့ချပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ခြင်းဖြင့်သာလျှင် ပျက်သုဉ်းစ နိုင်ငံတော်ကို စနစ်တကျ ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်သည်။ ပေါ်ထွက်လာမည့် လွှတ်တော်သစ်နှင့် အစိုးရသစ်လက်ထက်တွင် “နာမကျန်း နိုင်ငံတော်ကြီး” ငြိမ်းချမ်းသာယာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ အမြန်ဆုံး ချောင်လည်လာအောင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များက အရိုးသားဆုံး စေတနာ၊ အရှိန်အဟုန်အရှိဆုံး စွမ်းဆောင်ရည်တို့ဖြင့် အကောင်အထည်ဖော်ပေးကြပါရန် MT News က လေးနက်စွာ တိုက်တွန်းရင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
