၄.၂ .၂၀၂၆
Writen by Thiri
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆန်းကြွယ်ကျေးရွာကနေ ဖားပြင်ကျေးရွာသွား( ဥရုချောင်း ဘေးလမ်း) တားမြစ်ထားတဲ့လမ်းကို လူငယ်နှစ်ဦး ဆိုင်ကယ်နဲ့ ဖြတ်သန်းရာက မိုင်းထိပြီး နှစ်ဦးစလုံးသေဆုံးတဲ့ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၁၁ နာရီအချိန်မှာ ခန့်မှန်းခြေ အသက် ၁၅ နှစ်မှ ၂၀ အကြား လူငယ်နှစ်ဦးက (FZ -၂၀၂၅) မော်ဒယ်အမျိုးအစား ဆိုင်ကယ်နဲ့ ဆန်းကြွယ်ကျေးရွာဘက်ကနေ ဖားပြင်ကျေးရွာဆီ ဉရုချောင်းကပ်လျက်လမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်းထိခဲ့တယ်လို့ ယူဆရပြီး မိုင်းကွဲသံကြောင့် သွားရောက်ကြည့်ရှုရာ လူငယ်နှစ်ဦး သေဆုံးနေတာကို တွေ့မြင်ခဲ့ရတာဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံ တချို့ထံကနေ သိရပါတယ်။

ဖားကန့် ဒေသခံတစ်ဦးက “ဒီဘက်မှာက တိုက်ပွဲတွေဖြစ်နေတာ။ အခုဆုံးတဲ့ နှစ်ယောက်လည်း အခုထိတော့ ဘယ်ကပါ၊ ဘယ်သူပါလို့မကြားရသေးဘူး။ ဒီနေ့မနက်လည်း လက်နက်ကြီးကျကွဲသေးတယ်” လို့ MT News ကို ပြောပါတယ်။
မိုင်းထိလူငယ်နှစ်ဦးကို အမည်၊ နေရပ်၊ မိဘဆွေမျိုး မသိရှိရသေးဘဲ ရုပ်အလောင်းတွေကို ဖားပြင်သုသာန်မှာ ထားရှိထားရကြောင်း သိရပါတယ်။ လက်ရှိချိန် ဖားကန့်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး အဆိုပါလမ်းကို ဒေသခံတွေ မဖြတ်သန်းနိုင်အောင် ဝါးလုံးတန်းတားကာ ပိတ်ထားသည်မှာ နှစ်လကျော်ကြာပြီဖြစ်တယ်လို့လည်း အဆိုပါဒေသခံက ဆိုပါတယ်။
