သက်တံ့
၄. ၂. ၂၀၂၆
လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာ ကဒါဖီ၏ သားဖြစ်သူနှင့် တစ်ချိန်က အာဏာဆက်ခံမည့်သူဟု သတ်မှတ်ခံခဲ့ရသော ဆိဖ် အယ်လ်အစ္စလမ် ကဒါဖီ (Seif al-Islam Gadhafi) သည် လစ်ဗျားနိုင်ငံမြောက်ပိုင်းတွင် အသတ်ခံလိုက်ရကြောင်း အင်္ဂါနေ့ (ဇန်နဝါရီ ၃ ရက်) တွင် လစ်ဗျားအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိ ဆိဖ် အယ်လ်အစ္စလမ်သည် မြို့တော် ထရီပိုလီ၏ အနောက်တောင်ဘက် ၁၃၆ ကီလိုမီတာအကွာရှိ ဇင်တန် (Zintan) မြို့တွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လစ်ဗျားရှေ့နေချုပ်ရုံးက ဆိုသည်။ ကနဦးစုံစမ်းစစ်ဆေးချက်များအရ ဆိဖ်သည် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်သည့်အခြေအနေတွင် အသတ်ခံရသည်ဆိုသည့် အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ဆိဖ်၏ ရှေ့နေဖြစ်သူ ခါလက်အယ်လ်ဇိုင်ဒီနှင့် လစ်ဗျားပဋိပက္ခဖြေရှင်းရေး ကုလသမဂ္ဂဆွေးနွေးပွဲတွင် ကဒါဖီ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ အဗ္ဗဒူလာ အော့သမန် တို့ကလည်း ဆိဖ်သေဆုံးသွားပြီဖြစ်ကြောင်း Facebook မှတစ်ဆင့် အတည်ပြုခဲ့ကြသည်။
ဆိဖ်၏ နိုင်ငံရေးအဖွဲ့က နောက်ပိုင်းတွင် ထုတ်ပြန်ရာ၌ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားလေးဦး သည် ဆိဖ်၏အိမ်အတွင်းသို့ စီးနင်းဝင်ရောက်ကာ “သူရဲဘောကြောင်ပြီး သစ္စာဖောက်သည့် လုပ်ကြံမှု” ဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လုပ်ကြံသူများသည် အိမ်ရှိ CCTV ကင်မရာများကိုလည်း ပိတ်ပစ်ခဲ့ကြပြီး ဆိဖ်သည်လည်း ၎င်းတို့နှင့် အပြန်အလှန် လုံးထွေးသတ်ပုတ်ခဲ့ကြောင်း ဖော်ပြထားသည်။

၁၉၇၂ ခုနှစ် ဇွန်လတွင် ထရီပိုလီမြို့၌ မွေးဖွားခဲ့သော ဆိဖ်အယ်လ်အစ္စလမ်သည် အာဏာရှင်ဟောင်း ကဒါဖီ၏ ဒုတိယမြောက်သားဖြစ်သည်။ သူသည် လန်ဒန်စီးပွားရေးတက္ကသိုလ် (LSE) မှ ဒေါက်တာဘွဲ့ ရရှိထားသူဖြစ်ပြီး ကဒါဖီအစိုးရယန္တရား၏ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ရှုမြင်ခံခဲ့ရသူဖြစ်သည်။
အာဏာရှင်ဟောင်း မိုမာကဒါဖီသည် အနှစ် ၄၀ ကျော် အာဏာရယူခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် နေတိုး (NATO) ကျောထောက်နောက်ခံပြု လူထုအုံကြွမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး အောက်တိုဘာလတွင် အသတ်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ လစ်ဗျားနိုင်ငံသည် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကြား အာဏာလုပွဲများဖြင့် ဖရိုဖရဲဖြစ်ကာ ကွဲပြားနေခဲ့သည်။
ဆိဖ်သည် ၂၀၁၁ ခုနှစ်နှောင်းပိုင်းတွင် နိုင်ဂျာနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် ဇင်တန်မြို့ရှိ လက်နက်ကိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ပြိုင်ဘက်အစိုးရတစ်ခုက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သဖြင့် လွတ်မြောက်လာပြီး ဇင်တန်မြို့တွင်ပင် နေထိုင်ခဲ့သည်။ သို့သော်လည်း လစ်ဗျားတရားရုံးတစ်ခုက ဆိဖ်ကို ဆန္ဒပြသူများအား သတ်ဖြတ်ရန် လှုံ့ဆော်မှုဖြင့် မျက်ကွယ်သေဒဏ် စီရင်ထားသလို၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ထားသူ ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဆိဖ်သည် လစ်ဗျားသမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သဖြင့် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် ရွေးကောက်ပွဲကော်မတီက ဆိဖ်ကို အရည်အချင်းမပြည့်မီဟုဆိုကာ ပယ်ချခဲ့သလို အုပ်စုအသီးသီးကြား အငြင်းပွားမှုများကြောင့် ရွေးကောက်ပွဲမှာလည်း ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
Ref : CBC
